ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေးမြောက်ပိုင်းကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေ

June 11, 2026

ပုံစာ - ရေးကားလမ်းတစ်လျှောက် တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားသွားလာနေသည်ကို တွေ့ရစဉ်

မွန်ပြည်နယ်၊ ရေးမြောက်ပိုင်းဘက်ကို စစ်အာဏာရှင်တပ်က စစ်ကြောင်း ပြန်ထိုးနေသည့်အတွက် ဒေသတွင်း တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

အင်အား ၁၅၀ ကျော်ရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ဇွန် ၈ ရက်နေ့ နံနက်ပိုင်းမှစပြီး ရေးမြို့နယ် မြောက်ပိုင်းဒေသရှိ မော့ကနင်၊ နှစ်ကရင်၊ သပြေရွာသစ်၊ ကော့ဒွတ်၊ သပြေကျေးရွာဘက်သို့ လူစုခွဲပြီး စစ်ကြောင်းထိုး ဝင်ရောက်လာသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းသည် တစ်ရွာဝင် တစ်ရွာထွက် လှည့်ပတ်စစ်ကြောင်းထိုးနေသည့်အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

“စစ်ကြောင်းဝင်ရင် တိုက်ပွဲက ဖြစ်နိုင်တယ်လေ။ တစ်ဖက်မှာက လက်နက်ကိုင်အဖွဲ့တွေ ရှိနေတယ်။ တိုက်ပွဲဖြစ်မှာလည်း ကြောက်ရတယ်။ ပြီးတော့ လေယာဉ်နဲ့ ဗုံးကြဲမှာလည်း ကြောက်ရ။ စစ်ကြောင်းနဲ့ တွေ့လို့ ဖမ်းခံရမှာလည်း ကြောက်ရနဲ့” ဟု ရေးမြောက်ပိုင်းဒေသခံတစ်ဦးက ပြောသည်။

ဒေသတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အာဏာရှင်တပ်များသည် လမ်းတစ်လျှောက် တွေ့သည့်လူများကို တားဆီးပြီး စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ယင်းအပြင် စစ်တပ် စစ်ကြောင်းထိုးစဉ် ဒေသခံအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားသည်လည်း ရှိနေသည်ဟု ဒေသခံတို့က ပြောဆိုသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကြောင်းထိုး ဝင်ရောက်နေသည့်အတွက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်ကြသည့် ဒေသခံအချို့က ကြိုတင်တိမ်းရှောင် နေကြသလို ခြံသွားပြီး အလုပ်မလုပ်ရဲကြတော့ကြောင်းလည်း ဒေသခံတို့က ဆိုသည်။

“ဒီကလူတွေက ခြံပဲ လုပ်ကြတာများတယ်။ စစ်ကြောင်းဝင်တဲ့ သတင်းကြားရင် ခြံမသွားရဲကြဘူး။ ခြံသွားရင်း သူတို့နဲ့ ဆုံရင် ခေါ်သွားမှာ စိုးလို့လေ။ စစ်ကြောင်းပြန်ထွက်သွားတော့မှ ခြံအလုပ် ဆက်လုပ်ရမှာ” ဟု ရော်ဘာခြံပိုင်ရှင်တစ်ဦးက ပြောသည်။

စစ်ကောင်စီက အင်အားအများအပြားဖြင့် ရေးမြို့နယ်အတွင်းသို့ မကြာခဏ စစ်ကြောင်းထိုးလေ့ရှိပြီး အထူးသဖြင့် တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားမှုအားကောင်းသည့် ရေးမြောက်ပိုင်းဘက်ရှိ ကျေးရွာများအတွင်းသို့ ဆက်တိုက် စစ်ကြောင်းထိုးနေသည်။

ပြီးခဲ့သည့် မေလဆန်းပိုင်းကလည်း ရေးမြောက်ပိုင်းဘက် စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား နှစ်ကရင်ကျေးရွာနှင့် လိမ္မော်ခြံကျေးရွာကြားတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ပုံစာ – ရေးကားလမ်းတစ်လျှောက် တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားသွားလာနေသည်ကို တွေ့ရစဉ်