ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့မှ တနင်္သာရီမြို့သွားရာ လမ်းပိုင်းရှိ ဖောင်ဆိပ်ရွာတွင် စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်လျက်ရှိရာ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။
မေလ ၁၀ ရက် နံနက် ၁၁ နာရီတွင် ဖောင်ဆိပ်ရွာရှိ တိုက်ပွဲဖြစ်ပွားနေသည့် နေရာများကို စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“တိုက်ပွဲဖြစ်နေတဲ့ ဧရိယာတွေကို လာကြဲသွားတယ်။ ထိခိုက်မှုတော့ မရှိဘူး။ တစ်စီးပဲ တက်လာတာ” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။
ဖောင်ဆိပ်ရွာ ဝန်းကျင်တွင် ဧပြီလ ၂၁ ရက်နေ့မှ မေလ ၁၁ ရက်နေ့အထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်အာဏာရှင်ဘက်က စစ်ကူအင်အား အများအပြားဖြင့် စစ်ကြောင်းထိုးနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။
စစ်အာဏာရှင်တပ်သားများသည် ယနေ့နံနက် ၉ နာရီ ၂၀ မိနစ်တွင် မြိတ်မြို့မှ တနင်္သာရီမြို့သို့ စစ်ကား ၁၀ စီးထပ်တက်လာပြီး ၁၁ နာရီ ၃၀ မိနစ်တွင် လယ်တောင်ယာရွာသို့ ဖြတ်သန်းကာ ရေဖြူရွာဘက်သို့ ဆက်လက်မောင်းနှင်သွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ကြေးနန်းတိုင်ကနေ ရှမ်းအင်းတော်အထိ လမ်းကင်းယူပြီး ကားတွေ တက်လာတာ။ အောက်ဘက်က ဘာမှ မလုပ်ဘူးဆိုတော့ စကစ ကားတွေ လွတ်လပ်စွာ သွားလို့ရနေတယ်။ မောတောင်ဘက်က အဖွဲ့တွေ တအားဖိခံနေရပြီ” ဟု အထက်ပါ ဒေသခံက ပြောသည်။
လယ်တောင်ယာရွာသည် တနင်္သာရီမြို့အနီးတွင် တည်ရှိသည်။
တိုက်ပွဲမှာ စစ်အာဏာရှင်တပ်က နေ့ရောညပါ ပစ်ခတ်၍ တက်လာနေခြင်းဖြစ်ပြီး ယနေ့ (မေလ ၁၁ ရက် နေ့လယ် ၁ နာရီ) လက်ရှိအချိန်အထိ ဖောင်ဆိပ်ရွာတွင် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။







