ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်ရှိသည့် မြိတ်မြို့တွင် ဆိုင်ကယ်လုယက်မှု ဆက်တိုက်ဖြစ်

May 11, 2026

ဓာတ်ပုံ - Dawei Watch

မြိတ်မြို့တွင် လူအသွားအလာနည်းသည့် နေရာများတွင် အရပ်ဝတ် ဝတ်ဆင်ထားသည့် ပျူစောထီးဆိုသူတို့က ဆိုင်ကယ် စစ်ဆေးမည်ဟုဆိုကာ ဆိုင်ကယ်လုယက်မှု ဆက်တိုက်ဖြစ်ပွားနေကြောင်း မြိတ်မြို့ခံအချို့က ပြောသည်။

ပြည်သူ့စစ် (ပျူစောထီး) ဆိုသူများသည် ဆိုင်ကယ်စီးနှင်းလာသူများကို စစ်ဆေးရန်ဟုဆိုကာ ရပ်ခိုင်းပြီး ဆိုင်ကယ်လုယက်ကြခြင်းဖြစ်ကြောင်း မြို့ခံအချို့က ဆိုသည်။

မေလ ၁ ရက်မှ ၁၀ ရက်အထိ သုံးကြိမ်ထက်မနည်း လုယက်ခံရကြောင်း ၎င်းတို့က ပြောဆိုကြသည်။

မေလ ၁၀ ရက်က မြိတ်မြို့ ငွေပုလဲလမ်းမကြီး၊ ခြောက်တင့်ခင်း လှေဒေါက်လမ်း စစ်ဆေးရေးဂိတ်အနီးတွင် အရပ်ဝတ်အမျိုးသားသုံးဦးက Click I အမျိုးအစားဆိုင်ကယ်တစ်စီးကို လုယက်ပြီးထွက် ပြေးသွားကြောင်း မြို့ခံအချို့က ဆိုသည်။

မေလ ၉ ရက်ကလည်း လူအသွားအလာနည်းသည့် ရွှေတိဂုံဘုရားအနီးတွင် အမျိုးသား သုံးဦးက ပြည်သူ့စစ် (ပျူ‌စောထီး) ဟုဆိုကာ ဆိုင်ကယ်နံပါတ်ပြား စစ်ဆေးမည်ဟုပြောပြီး click i အမျိုးအစားဆိုင်ကယ်တစ်စီးကို လုယက်သွားကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

မေလ ၁ ရက် ည ၈ နာရီခန့်တွင်လည်း အဆိုပါနေရာတွင်ပင် ဆိုင်ကယ်စစ်ဆေးမည်ဟုဆိုကာ ပျူစောထီးဆိုသူများက Wave 125 i အမျိုးအစားဆိုင်ကယ်တစ်စီးထပ်မံ လုယက်ခံခဲ့ကြောင်း ၎င်းက ဆိုသည်။

“ငါတို့က ပြည်သူ့စစ်၊ ဆိုင်ကယ်နံပါတ်ပြားစစ်မယ် ဘာညာပြောပြီး လုပြီးပြေးတာ။ လူကတော့ သုံးယောက် အရပ်ဝတ်နဲ့ပဲ။ ဖမ်းဆီးပြီး ထိထိရောက်ရောက်လုပ်ဖို့လိုပြီ။ ဓားနဲ့လိုက်တာတွေလည်းရှိတယ်” ဟု အထက်ပါ မြို့ခံအမျိုးသားက ပြောသည်။

လုယက်သူများသည် ဆိုင်ကယ်အပြင် လက်ကိုင်ဖုန်းကိုပါ လုယက်နေပြီး လူကိုရိုက်နှက်ကာ လုယက်ခြင်းနှင့် ဓားထောက်ပြီး ခြိမ်းခြောက်ကာလည်း လုယက်နေကြောင်း ရွှေတိဂုံဘုရားအနီး ကိုယ်တိုင်ကြုံတွေရသူတစ်ဦးက ဆိုသည်။

“ဓားနဲ့လိုက်တာ ကျွန်တော်မောင်းပြေးတာမြန်လို့ ဘာမှမဖြစ်တာ။ အကြောက်လွန်တဲ့သူဆို အဲဒီနေရာမှာသွားပြီ။ ခေါင်းရိုက်ခွဲပြီး လုတာတွေလည်း ရှိတယ်။ ဓားထောက်ပြီးလည်း လုတယ်။ ဖုန်းတွေပါ ယူပြေးတာ” ၎င်းက ပြောသည်။

စစ်အာဏာရှင်တပ်၏ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ထားသည့် မြိတ်မြို့တွင် လုယက်မှုနှင့် ဖောက်ထွင်းမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။