ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရနောင်းတွင် မြန်မာတစ်ဦးပိုင် ဘတ်သန်း ၅၀တန် တရားမဝင်ကုန် သိုလှောင်ရုံကို ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင်ဝင်ဖမ်း

May 11, 2026

ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင်တွင် မြန်မာနိုင်ငံသား ပိုင်ဆိုင်သည်ဟုယူဆရသော တရားမဝင်ကုန်စည် ဘတ်သန်း ၅၀ တန်ဖိုးကို ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရကူ ကိုယ်တိုင်ဝင်ရောက်ဖမ်းဆီးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ရနောင်းမြို့ ဘန်ရင်းဒေသတွင် တရားဝင် မှတ်ပုံ မတင်ထားသော သိုလှောင်ရုံထဲကို ဖူးခက်သို့ ရောက်ရှိနေသည့် ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရကူကိုယ်တိုင် မေလ ၁၀ ရက်တွင် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

သိုလှောင်ရုံထဲတွင် လုပ်ငန်းသုံး မီးစက်၊ လေပူ လေအေးပေးစက်၊ စက်ရုံနှင့် ဟိုတယ်များတွင် အသုံးပြုသော လျှပ်စစ်သွယ်တန်းပစ္စည်းများစွာကို တွေ့ရပြီး ကာလတန်ဖိုး ဘတ် သန်း ၅၀ ခန့် တန်ဖိုးရှိကြောင်း ဖော်ပြသည်။

သိုလှောင်ထားသော လျှပ်စစ်ပစ္စည်းများသည် ရနောင်းအကောက်အခွန်တွင် မှတ်ပုံတင်ထားခြင်း မရှိဘဲ အခြားနိုင်ငံသို့ မှောင်ခို တင်ပို့ရန် ရည်ရွယ်ထားပုံရကြောင်း ရနောင်းအကောက်အခွန်ဘက်က ပြောသည်။

ယင်းပစ္စည်းများကို မြန်မာနိုင်ငံသားတစ်ဦးက ပိုင်ဆိုင်သည်ဟု ထိုင်းအာဏာပိုင်များက ပြောဆိုထားပြီး မြန်မာနိုင်ငံသား၏ အချက်အလက်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

ဖမ်းဆီးရမိသော ပစ္စည်းများသည် အခွန်ဆောင်ထားခြင်းမရှိသဖြင့် အမျိုးအစားခွဲ၍ နိုင်ငံတော်ပိုင်ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ပြီး ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ဆိုသည်။

ပစ္စည်းပိုင်ရှင် မြန်မာနိုင်ငံသားနှင့် သိုလှောင်ရုံပိုင်ရှင်ကို ဖမ်းဆီးနိုင်ရေး လုပ်ဆောင်ကြရန် ဝန်ကြီးချုပ်က တိုက်တွန်းခဲ့သည်။

Ref: Thairath, Nation TV