ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ငြိမ်းချမ်းရေးအဆိုပြုချက်အပေါ် အီရန်တုံ့ပြန်မှု ထရမ့် ပယ်ချ

May 11, 2026

အမေရိကန်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု အဆိုပြုချက်အပေါ် အီရန်၏ တုံ့ပြန်ချက်ကို သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၁၀ ရက်နေ့တွင် ပယ်ချလိုက်သည်။

ယင်းကြောင့် ရက်သတ္တပတ် ၁၀ ပတ်အထိ ကြာမြင့်လာသည့် အီရန်စစ်ပွဲ အဆုံးသတ်ရေး မျှော်လင့်ချက်များ ပျက်ပြယ်ခဲ့ရကြောင်း Reuters သတင်းတွင် ဖော်ပြသည်။

အီရန်စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန် အမေရိကန်က ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာ တနင်္ဂနွေနေ့တွင် အီရန်က တုံ့ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

အဆိုပါ တုံ့ပြန်ချက်တွင် လက်ဘနွန်အပါအဝင် စစ်မျက်နှာအားလုံးတွင် စစ်ပွဲရပ်စဲရေးနှင့် ပိတ်ဆို့ခံထားရသော ဟော်မုဇ်ရေလက်ကြားအတွင်း ရေကြောင်းသွားလာမှု ဘေးကင်းလုံခြုံရေးကို ဦးစားပေးဖော်ပြထားကြောင်း သိရသည်။

အီရန်၏ အဆိုပါ တုံ့ပြန်ချက် ထွက်ပေါ်လာပြီး နာရီပိုင်းအတွင်းမှာပင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က လူမှုကွန်ရက်ပေါ်မှတစ်ဆင့် ယင်းတုံ့ပြန်ချက်ကို ပယ်ချပြောဆိုခဲ့သည်။

“အီရန်ရဲ့ ကိုယ်စားလှယ်ဆိုသူတွေဆီက တုံ့ပြန်ချက်ကို ကျွန်တော် ဖတ်ပြီးပြီ။ ကျွန်တော် ဒါကို သဘောမကျဘူး၊ လုံးဝ လက်ခံနိုင်စရာ မရှိဘူး” ဟု သမ္မတထရမ့်က ၎င်း၏ Truth Social ကွန်ရက်တွင် ရေးသားခဲ့သည်။

သို့ရာတွင် နောက်ထပ် အသေးစိတ် အချက်အလက်များကို ၎င်းက ထည့်သွင်းပြောကြားခြင်း မရှိပေ။

စစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်နှင့် အီရန်တို့ သဘောတူညီမှု မရရှိသည့်သတင်း ထွက်ပေါ်လာပြီးနောက် ရေနံစျေးနှုန်းမှာ တစ်စည်လျှင် သုံးဒေါ်လာခန့် မြင့်တက်သွားခဲ့သည်။

Source: Reuters