ရေခူဆားနယ်တစ်ပိဿာလျှင် ကျပ်နှစ်သောင်းကျော်အထိ ဈေးမြောက်နေကြောင်း မြိတ်ကျွန်းစုနေ ပင်လယ် ရေလုပ်သားများနှင့် ရေထွက်ကုန် ရောင်းဝယ်ရေးလုပ်နေသူအချို့က ပြောသည်။
ယမန်နှစ်က ရေခူဆားနယ်တစ်ပိဿာလျှင် တစ်သောင်းသုံးထောင်ဝန်းကျင်ဈေးရှိရာက လက်ရှိတွင် ပျမ်းမျှ နှစ်သောင်း သုံးထောင်ဝန်းကျင်အထိ ဈေးပေါက်နေကြောင်း ၎င်းတို့က ဆိုသည်။
ယခုနှစ်တွင် ထိုင်းနိုင်ငံ ရနောင်းမြို့ဘက်က အဝယ်လိုက်နေသည့်အတွက် ယင်းကဲ့သို့ ဈေးကောင်းနေခြင်းဖြစ်ကြောင်း ရေလုပ်သားများနှင့် ရေထွက်ကုန်ရောင်းဝယ်ရေးလုပ်နေသူအချို့က ပြောဆိုသည်။
“ကျွန်းစုဘက်ကလည်း (ထိုင်း) ရနောင်းကမ်းကို တိုက်ရိုက်ပို့တာတွေ များလာတယ်။ ဈေးကောင်းရတာကိုး။ ကျွန်မတို့ ဘိတ် (မြိတ်) က အဝယ်ဒိုင်တွေကတော့ အထက်မြို့ကြီးတွေကို ပြန်ပို့တာများတယ်” ဟု မြိတ်မြို့ရှိ ရေထွက်ကုန် ရောင်းဝယ်ရေးလုပ်ကိုင်နေသည့်အမျိုးသမီးတစ်ဦးက ပြောသည်။
ရေခူဆားနယ်ကို ကျွန်းစုနှင့် ဘုတ်ပြင်းမြို့နယ်ရှိ ပင်လယ်ကျေးရွာများတွင် အဓိကလုပ်ကိုင်ပြီး ထိုင်းနိုင်ငံအပြင် မြိတ်မြို့ကိုလည်း တင်ပို့ရောင်းချနေသည်။
မြိတ်မြို့ပေါ်ရှိ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးဒိုင်များတွင် ရေခူတစ်ပိဿာလျှင် နှစ်သောင်းသုံးထောင်ကျပ်ဝန်းကျင် ဈေးပေါက်နေသော်လည်း ပင်လယ်ရွာများတွင်မူ ကျပ်တစ်သောင်းခွဲဝန်းကျင်သာ ပေါက်ဈေးရှိသည်။
ပင်လယ်ကျေးရွာများမှ ထွက်သည့်ရေခူကို မြိတ်မြို့သို့ လှေများဖြင့် သယ်ယူပို့ဆောင်ရသည့် ကုန်ကျစရိတ်နှင့် တစ်ဆင့်ခံ ဝယ်ယူရောင်းချခြင်းများကြောင့် ဈေးကွာဟနေခြင်း ဖြစ်သည်။
ပြီးခဲ့သည့်နှစ်ကမူ ပင်လယ်ကျေးရွာအချို့တွင် ရေခူတစ်ပိဿာလျှင် ကျပ်ကိုးထောင်ခန့် ပေါက်ဈေးရှိကြောင်း ရေလုပ်သားအချို့ထံမှ သိရသည်။
ပင်လယ်အတွင်း ရေခူဖမ်းဆီး (ခပ်) ရရှိမှုနှုန်းက ယမန်နှစ်အတိုင်းပင်ဖြစ်ကြောင်း ကျွန်းစုမြို့နယ်နေ ပင်လယ် ရေလုပ်ငန်းသားတစ်ဦးက ဆိုသည်။
“ဈေးတက်လာတော့ နည်းနည်းပျော်တယ်။ ရေခူဖမ်းတာက အရင်းအနှီးက အဓိကက ဆားတစ်မျိုးပဲ။ များများ လုပ်ရင်တော့ လူအင်အားလိုတယ်။ သူရာသီပေါ်ဖြစ်တော့ သူရာသီမှာတော့ အခုဈေးနှုန်းနဲ့ အဆင်ပြေတယ် ပြောရမယ်” ဟု အဆိုပါ ရေလုပ်သားက ပြောသည်။
ပင်လယ်ရေငန်ဓာတ် မြင့်တက်လေ့ရှိသည့် ဇန်နဝါရီလဝန်းကျင်မှ ဇွန်လခန့်ထိ ပင်လယ်အတွင်း ရေခူပေါ်လေ့ရှိပြီး ပင်လယ်ရေမျက်နှာပြင်တွင် မျောနေသည့် ရေခူကို သံချိတ်ဖြင့် လိုက်လံကောက်ယူ (ဖမ်းဆီး) ရသည်။
ဖမ်းဆီးရရှိသည့် ရေခူများကို ဆားသိပ်ကာ ကန်များဖြင့် သိုလှောင်ပြီး ပြန်လည်ရောင်းချ စားသုံးကြခြင်းဖြစ်သည်။







