တရုတ်နိုင်ငံနှင့် ဟောင်ကောင်အာဏာပိုင်များက ဖမ်းဝရမ်းထုတ်ပြီး အလိုရှိနေသော ဟောင်ကောင်ဒီမိုကရေစီအရေး လှုပ်ရှားသူ Zhang Xinyan ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
Zhang Xinyan သည် UNHCR ကတ်ကို ကိုင်ဆောင်ထားသူဖြစ်သော်လည်း ထိုင်းအစိုးရက ဖမ်းဆီးပြီး ဟောင်ကောင် အစိုးရထံ ပြန်လည်ပို့ဆောင်မည့်အရေး ရင်ဆိုင်နေရသဖြင့် တက်ကြွလှုပ်ရှားသူများကြား စိုးရိမ်မှု မြင့်တက်လျက်ရှိသည်။
ဟောင်ကောင် ဒီမိုကရေစီအရေးလှုပ်ရှားပြီး ပြည်ပတွင် နေထိုင်သော Zhang Xinyan သည် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရကြောင်း Human Rights Watch အဖွဲ့၏ အကြီးတန်းသုတေသနပညာရှင် Sunai Phasuk က လူမှုကွန်ရက်တွင် မေလ ၉ ရက်က ရေးသားသည်။
အသက် ၅၅ နှစ်အရွယ် Zhang Xinyan သည် ဘန်ကောက်တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကတ်ကိုင်ဆောင်ထားသူဖြစ်ပြီး နေထိုင်ခွင့် ဗီဇာကျော်လွန်မှု၊ တရားမဝင် အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခံရသူဖြစ်သည်။
ဖမ်းဆီးခံရသည့်နေ့ရက်ကို မဖော်ပြထားသဖြင့် မသိရဘဲ မေလ ၁၀ ရက်တွင်မူ တရားရုံး၌ ကြားနာခဲ့သည်။
“အရေးကြီးတယ်။ နောက်ထပ် ဒုက္ခသည်တစ်ဦး အဖမ်းခံရပြန်ပြီ” ဟု Sunai Phasuk က ရေးသားခဲ့ခြင်းဖြစ်သည်။
Zhang Xinyan သည် ပြည်ပရောက် ဟောင်ကောင်ဒီမိုကရေစီအရေး လှုပ်ရှားသူများ ဖွဲ့စည်းထားသော Hong Kong Parliament အဖွဲ့ဝင်ဖြစ်ပြီး ဟောင်ကောင်အစိုးရက နိုင်ငံကူးလက်မှတ် ရုပ်သိမ်းထားကာ အဖွဲ့ဝင်များကို ဖမ်းဝရမ်း ထုတ်ထားသည်။
Hong Kong Parliament အဖွဲ့ဝင်များကို နိုင်ငံတော်လုံခြုံရေးဥပဒေဖြင့် ဖမ်းဝရမ်းထုတ်ထားပြီး ဖမ်းဆီးပေးသူကို ဘတ် တစ်သန်းခန့် ဆုငွေချီးမြှင့်မည်ဟု ဟောင်ကောင်အာဏာပိုင်များက ကြေညာထားသည်။
Zhang Xinyan ကို ထိုင်းအစိုးရက တရုတ် သို့မဟုတ် ဟောင်ကောင်သို့ ပြန်လွှဲပေးပါက အန္တရာယ်များစွာ ကြုံတွေ့ရနိုင်ပြီး နိုင်ငံတကာဥပဒေနှင့် ထိုင်းနိုင်ငံ၏ အကြမ်းဖက်မှုကာကွယ်ရေးဥပဒေကို ချိုးဖောက်ရာ ရောက်ကြောင်း Human Rights Watch အဖွဲ့က သတိပေးထားသည်။
Ref: Bangkok Post, The Thaiger, South China Morning Post







