မြိတ်မြို့တွင် ဒူးရင်းသီးဈေးနှုန်း တစ်လအတွင်း ထက်ဝက်ခန့်ပြန်ကျကြောင်း ဒူးရင်းသီးရောင်းချသူများနှင့် ခြံပိုင်ရှင်အချို့က ပြောသည်။
ဒူးရင်းသီးရာသီအစ မတ်လဝန်းကျင်က အလယ်လတ်အရွယ်အစားရှိ ဒူးရင်းသီးတစ်လုံးလျှင် ကျပ်တစ်သောင်းခန့် ဈေးရှိခဲ့ပြီး လက်ရှိတွင် ကျပ်ငါးထောင်ခန့်သာ ဈေးရှိတော့ကြောင်း မြိတ်မြို့တွင် ဒူးရင်းသီးရောင်းချသူတစ်ဦးက ဆိုသည်။
ဒူးရင်းသီး အထွက်နှုန်းများလာခြင်း၊ လမ်းခရီးအခြေအနေများကြောင့် တိုင်းပြင်ပသို့ မပို့နိုင်ခြင်းစသည့် အခြေအနေများ ကြောင့် ဈေးပြန်ကျလာခြင်းဖြစ်ကြောင်း မြိတ်မြို့ရှိ ဒူးရင်းသီးကုန်သည်တစ်ဦးက ပြောဆိုသည်။
“အထက်ဘက် (တိုင်းပြင်ပ) ကိုလည်း ပို့ရအဆင်မပြေဘူး။ လမ်းမှာကြာတာနဲ့ (အသီး) ဖင်ကွဲပြီး ရှုံးတာများတယ်။ ဒါတွေလည်း ဈေးကျတာဖြစ်မယ်။ ဈေးကြီးတုန်းကလည်း ဘိတ် (မြိတ်) က ဖောက်သည်တွေ အားပေးကြပါတယ်။ ငါးလပိုင်း ကုန်လောက်ရင်တော့ အသီးနည်းပြီး ဈေးပြန်တက်နိုင်တယ်၊ ခန့်မှန်းပေါ့နား(နော်)” ဟု ၎င်းက ပြောသည်။
ကျွန်းစု၊ တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ်က ထွက်ရှိသည့် ဒူးရင်းသီးများကို မြိတ်မြို့သို့ အဓိကတင်ပို့ကြသည်။
မြိတ်မြို့တွင် အလတ်စားဆိုဒ်ထက် အရွယ်အစားငယ်သည့် ဒူးရင်းသီး ၁၂ လုံးခန့်ပါ ပါကင်ခြင်းတစ်ခြင်းလျှင် ကျပ်သုံးသောင်းနှင့် လေးသောင်းဝန်းကျင်ဖြင့် ရောင်းချနေကြောင်း မြို့ခံအချို့က ဆိုသည်။
ကျွန်းစုမြို့နယ် ဒေသခံတစ်ဦးကလည်း ယခုနှစ်တွင် ဒူးရင်းသီး သီးနှုန်းပိုများပြီး အကြွေစောသဖြင့် လပိုင်းအတွင်း ဈေးကျသွားခြင်းဖြစ်ကြောင်း ပြောဆိုသည်။
ဒေသဒူးရင်းမျိုးများသည် အသီးကြွေကျမှ ကောက်ယူစားသုံးရလေ့ရှိပြီး ထိုင်းနိုင်ငံ ဒူးရင်းမျိုးမှာ အပင်ပေါ်မှခူးပြီး အမှည့်ခံလေ့ရှိသည်။
“ဒီနှစ် နေ တအားပြင်းတော့ ပန်းတွေအကြွေများပြီး အသီးသိပ် မကပ်လောက်ဘူးထင်ထားတာ။ ဒူးရင်းသီး သီးနှုန်းကလည်း တစ်နှစ်နဲ့ တစ်နှစ်မတူဘူး။ သူကမှည့်မှ ကြွေတယ်။ ကြွေမှကောက်ပြီး ဈေးခေါ်ရတာ။ သူမကြွေရင်လည်း ဘာမှလုပ်လို့မရဘူး။ ဒီနှစ်က ကြွေတာလည်း စောတယ်” ဟုအထက်ပါဒေသခံက ပြောသည်။
တနင်္သာရီတိုင်းတွင် ဒေသမျိုးစိတ်ဒူးရင်းပင်များအပြင် ထိုင်းမျိုးစိတ် ဒူးရင်ပင်များကိုလည်း စိုက်ပျိုးကြသည်။







