တနင်္သာရီတိုင်း၊ စစ်အစိုးရအဖွဲ့ ရုံးစိုက်ရာ ထားဝယ်မြို့တွင် တိုင်းစစ်ကော်မရှင်က စီစဉ်ခဲ့သည့် ကမ်းနားလမ်း အပတ်စဉ် စတိတ်ရှိုးကို စစ်အစိုးရအဖွဲ့သစ် ပြောင်းလဲပြီးနောက် သင်္ကြန်ကာလမတိုင်မီ (ဧပြီလဆန်း)မှစတင်ကာ ရပ်နားလိုက်ကြောင်း မြို့ခံများထံမှ သိရသည်။
အဆိုပါ စတိတ်ရှိုးကို ပြီးခဲ့သည့်နှစ် ခရစ္စမတ်နေ့မှစကာ သောကြာနေ့တိုင်း အပတ်စဉ် သုံးလခန့်ကြာ တိုင်းစစ်ကော်မရှင်၏ အစီအစဉ်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“သင်္ကြန်မတိုင်ခင်ကတည်းက သင်္ကြန်ပွဲလုပ်ဖို့ အားစိုက်ရမှာမို့ စတိတ်ရှိုး နားလိုက်တယ်။ အဲဒီကတည်းက နားလိုက်တာ အခုထိပဲ။ ပြီးတော့ အစိုးရ (စစ်အစိုးရ) အပြောင်းအလဲမှာ ရပ်လိုက်တယ်။ လုံခြုံရေး အခြေအနေကြောင့်လည်း ပါတယ်” ဟု တိုင်းစစ်အစိုးရနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထားဝယ်မြို့တွင် သင်္ကြန်ကာလနှင့် နောက်ပိုင်း၌ မြို့တွင်း ရပ်ကွက်အချို့တွင် ပစ်ခတ်ခံရမှုများ ပြန်လည်ရှိလာနေသည်။ သင်္ကြန်အတက်နေ့နှင့် ယခု မေလ ၉ ရက်တို့တွင် ထားဝယ်မြို့ပေါ် ရပ်ကွက်တစ်ခုမှ အုပ်ချုပ်ရေးမှူး မိသားစုတစ်ခု အပါအဝင် မိသားစုနှစ်စု သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သုံးဦးသေဆုံးခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။
ယင်းအပြင် အပတ်စဉ် စတိတ်ရှိုးသည် လူကြည့်နည်းပြီး အထိမ်းအမှတ်နေ့ ပွဲတော်ရက်များတွင် ပြုလုပ်သည့် စတိတ်ရှိုးများကိုသာ လူကြည့်များခဲ့ကြောင်း အပတ်စဉ် စတိတ်ရှိုးပြုလုပ်ရာ ကမ်းနားလမ်းတွင် နေထိုင်သည့် ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။
“စတိတ်ရှိုးက အမြဲအားပေးနေတာက အမူးသမားတစ်အုပ်နဲ့ ဒီဝန်းကျင်က အလုပ်သမားတချို့ ရှိတယ်။ ကျန်တာက ဖြတ်လျှောက်ပဲ။ ပွဲကြီး (အထိမ်းအမှတ်နေ့ စတိတ်ရှိုးပွဲ) တွေမှ လူစည်တယ်။ အခု စတိတ်ရှိုးက နားလိုက်တာတော့ တစ်လကျော်ပြီ” ဟု ၎င်းက ပြောဆိုသည်။
အပတ်စဉ် စတိတ်ရှိုးပွဲများ ရပ်နားလိုက်သော်လည်း အထိမ်းအမှတ်နေ့ စတိတ်ရှိုးပွဲများကိုမူ စည်ပင်ပိုင် ကမ်းနားလမ်း စတိတ်စင်တွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း အထက်ပါ တိုင်းစစ်အစိုးရနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။
တိုင်းစစ်ကော်မရှင် လက်ထက်တွင် အထိမ်းအမှတ်နေ့များ၌ ညမထွက်ရအမိန့်ကို ရက်ပိုင်း ရုပ်သိမ်းကာ နာမည်ကျော် တေးသံရှင်အချို့ ငှားရမ်း၍ စတိတ်ရှိုးပွဲများ ပြုလုပ်ခဲ့သည်။ ယင်းပွဲများ၏ တစ်ဖက်တွင် ထားဝယ်မြို့ပေါ်၌ လစဉ် လဆန်း ရက်သတ္တပတ်တိုင်း ညဘက်နေအိမ်များအတွင်းထိ ဝင်ရောက်ကာ အဓမ္မ စစ်မှုထမ်းစုဆောင်းမှုများလည်း ရှိခဲ့သဖြင့် မြို့ခံအချို့နှင့် တော်လှန်ရေးအင်အားစုများအကြား ဝေဖန်မှုများ ရှိခဲ့သည်။
လက်ရှိ စစ်အစိုးရ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ လူယုံတစ်ဦးဖြစ်သူ စစ်အင်ဂျင်နီယာဟောင်း တိုင်းစစ်အစိုးရ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးကလည်း ပြီးခဲ့သည့် ဧပြီလက မြို့ခံအချို့နှင့် တွေ့ဆုံပွဲ ပြုလုပ်ရာ၌ ထားဝယ်မြို့တွင် ပျော်ပွဲရွှင်ပွဲများကို ဆက်လက်ပြုလုပ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။







