ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ကန့်သတ်ချက်ဖြင့် ပြန်လွှတ်

May 11, 2026

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် ယနေ့ (မေ ၁၁) နံနက် ၇ နာရီ ၄၀ မိနစ်ခန့်က ဘန်ကောက်မြို့ အကျဉ်းထောင်မှတစ်ဆင့် လွတ်မြောက်လာပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

အသက် ၇၆ နှစ်အရွယ် သက်ဆင်ရှင်နာဝပ်သည် အကျဉ်းထောင်မှ ထွက်လာသောအချိန် ထောင်ပြင်ပတွင် ထောင်ချီသော ထောက်ခံသူများနှင့် မိသားစုဝင်များက ကြိုဆိုနှုတ်ဆက်ခဲ့သည်။

အကျဉ်းထောင်မှ ပြန်လွတ်လာခဲ့သော်လည်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် လာမည့် စက်တင်ဘာလ ၉ ရက်နေ့အထိ ခြေချင်းဝတ်တွင် လျှပ်စစ်ခြေရာခံစက်ဝတ်ဆင်၍ လစဉ် အစီအရင်ခံ တင်ပြရမည်ဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ် အာဏာအလွဲသုံးမှု၊ အဂတိလိုက်စားမှုအတွက် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရသူဖြစ်ပြီး နောက်ပိုင်းတွင် တော်ဝင်လွတ်ငြိမ်းခွင့်အရ ထောင်ဒဏ် တစ်နှစ်သို့ လျှော့ပေါ့ပေးခဲ့သည်။

သက်ဆင်သည် ထောင်ကျနေသည့်အချိန်က ရဲဆေးရုံတွင် နေထိုင်ခဲ့မှုနှင့် ပက်သက်၍ ပြီးခဲ့သောနှစ် စက်တင်ဘာလတွင် တရားရုံးက ထောင်ဒဏ် တစ်နှစ် ပြန်လည်ကျခံစေခဲ့သည်။

ယင်းနောက် ထောင်ထဲတွင် ၂၄၃ ရက်ခန့် အကျဉ်းချခံရပြီးနောက် လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

Ref: Bangkok Post, The Nation Thailand, Thai PBS