မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဘီးလင်းမြစ်ရေ မြင့်တက်လာခြင်းကြောင့် ရပ်ကွက်အချို့နှင့် အနိမ့်ပိုင်းနေရာများ ရေမြုပ်နေ၍ ဒေသခံများကို ဘေးလွတ်ရာသို့ စတင်ပြောင်းရွှေ့နေကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းပြီး ဘီးလင်းမြစ်ရေ မြင့်တက်လာခြင်းကြောင့် ဘီးလင်းမြို့ပေါ်ရှိ ကန်သာယာရပ်ကွက် အပါအဝင် အနိမ့်ပိုင်းနေရာများရှိ နေအိမ်များအတွင်း ရေစတင်ဝင်ရောက်လာသဖြင့် ပြည်သူများမှာ ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက်ပိုင်းတွင် ဘေးလွတ်ရာသို့ စတင်ပြောင်းရွှေ့နေကြရသည်။
“မိုးက ဆက်တိုက်ကို များနေတာပါ။ မြစ်ရေကလည်း တဖြည်းဖြည်း တက်လာနေတယ်။ အနိမ့်ပိုင်းနေရာတွေမှာ ဒီမနက် ရေတွေ စဝင်လာတယ်။ မြစ်ရေက တက်လာနေတာဖြစ်တဲ့အတွက် အနိမ့်ပိုင်းမှာ နေထိုင်သူတွေ သတိရှိဖို့ လိုပါတယ်” ဟု ဘီးလင်းမြို့ခံတစ်ဦးက ပြောသည်။
ရေဝင်ရောက်နေသည့် ရပ်ကွက်များမှ အိမ်ထောင်စုများကို ဘီးလင်းမြို့နယ် မီးသတ်တပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။
ဘီးလင်းမြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ ၁၀၂၂ စင်တီမီတာဖြစ်ပြီး ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက်ပိုင်း တိုင်းထွာချက်များအရ ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်အောက် ၂ ပေကျော်အထိ ရောက်ရှိနေပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
ဘီးလင်းမြစ်ရေသည် လာမည့်ရက်အနည်းငယ်အတွင်း စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်သည့်အတွက် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုကြရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီပြောင်းရွှေ့နိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးနှိုးဆော်ထားသည်။
ဘီးလင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ ဘီးလင်းမြစ်ရေ မြင့်တက်ကာ ရေကြီးရေလျှံသည့်ဖြစ်စဉ်များမှာ နှစ်စဉ်လိုလို ဖြစ်ပွားလေ့ရှိသည်။
ရေကြီးရေလျှံမှုများကြောင့် ဘီးလင်းဒေသခံသောင်းနှင့်ချီ၍ ရေဘေးသင့်ကြုံတွေ့ရလေ့ရှိပြီး စိုက်ပျိုးဧကထောင်နှင့်ချီ၍ စပါးခင်းများ ပျက်စီးဆုံးရှုံးမှုများလည်း နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေကြရသည်။







