ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ် လက်နက်ကြီးကြောင့် တနင်္သာရီ ထုံနွယ်ရွာတွင် မူလတန်းကျောင်းသားနှစ်ဦးဒဏ်ရာရ

July 10, 2026

လက်နက်ကြီး

တနင်္သာရီမြို့နယ်၊ မော်တုန်းကျေးရွာအုပ်စု၊ ထုံနွယ်ရွာကို စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကျောင်းသား နှစ်ဦးဒဏ်ရာရကြောင်း ဒေသခံများနှင့် တော်လှန်‌ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ယနေ့ ဇူလိုင်လ ၁၀ရက် နံနက် ၈နာရီခွဲတွင် မော်တုန်းရွာအခြေစိုက် စစ်အာဏာရှင်အမှတ် ၃၀၆ အမြောက်တပ်ရင်းက လက်နက်ကြီးကျည် နှစ်လုံးပစ်ခတ်ခဲ့ရာ စာသင်ကျောင်းအနီး ကျရောက်ပေါက်ကွဲကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ဒဏ်ရာရသွားသည့် ကလေးနှစ်ဦး စစ်အာဏာရှင်တပ်က အမြောက်တပ်ရင်းသို့ ခေါ်ဆောင်ခိုင်းနေသည်ဟု ဒေသခံများ ပြောဆိုချက်အရ သိရကြောင်း ၎င်းက ဆိုသည်။

‌‌ထုံနွယ်ရွာကို စစ်အာဏာရှင်တပ်က ထိန်းချုပ်ထားပြီး မူလတန်းစာသင်ကျောင်းဖွင့်ထားကြောင်း ဒေသခံများထံမှ သိရသည်။

“ကလေးတွေ အသက်နဲ့ ထိခိုက်မှုတော့ မသိရသေးဘူး။ (လက်နက်ကြီးကျည်) နှစ်ချက်လုံး စာသင်ကျောင်းအနီး ကျတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

၃၀၆ အမြောက်တပ်ရင်းနှင့် ထုံနွယ်ရွာသည် တစ်မိုင်ကျော်သာ ကွာဝေးသည်။

ယနေ့တွင် မြိတ်မှလာသည့် စစ်အာဏာရှင်တပ်ကား ၁၂စီးသည် မော်တုန်းရွာကို နံနက် ၁၀နာရီဝန်းကျင်တွင် ဖြတ်သန်း၍ တနင်္သာရီမြို့ဘက်သို့ ဆက်တက်သွားကြောင်း ဒေသခံအချို့က ပြောဆိုသည်။