ထားဝယ်မြို့ပေါ်တွင် ထီးဆောင်းပြီး ဆိုင်ကယ်မောင်းနှင်သူအချို့ကို ယာဉ်ထိန်းရဲနှင့်ပူးပေါင်းအဖွဲ့က ဖမ်းဆီး အရေးယူကြောင်း မျက်မြင်တွေ့ရှိသည့် မြို့ခံအချို့ထံမှ သိရသည်။
ယာဉ်ထိန်းရဲတပ်ဖွဲ့ နှင့် ပူးပေါင်းအဖွဲ့သည် ယနေ့ ဇွန်လ ၁၀ ရက် နံနက် ၇ နာရီခန့်၌ DDPC လမ်းဆုံ မီးပွိုင့်တွင် ကား၊ ဆိုင်ကယ်များကို ရှောင်တစ်ခင်စစ်ဆေးကြောင်း ခရီးသွားဒေသခံများက ပြောသည်။
ယင်းသို့စစ်ဆေးနေစဉ် ထီးဆောင်း၍ သွားလာနေသည့် မော်တော်ဆိုင်ကယ်နှစ်စီးကို DDPC မီးပွိုင့်တွင် ခေါ်ယူစစ်ဆေးပြီး အရေးယူခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ခရီးသွားမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
ထီးဆောင်းပြီး ဆိုင်ကယ်မောင်းနှင်သဖြင့် ဖမ်းဆီးအရေးယူခြင်းဖြစ်သည်ဟု ပြောဆိုမှုကို ကြားရသလို ဒဏ်ငွေ ပေးဆောင် သည်ကိုလည်း မြင်တွေ့ခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။
ဒဏ်ငွေ မည်မျှ ပေးဆောင်ရသည်ကိုမူ သေသေချာချာ မမြင်တွေ့ရကြောင်း ၎င်းက ဆိုသည်။
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပဒေ ပုဒ်မ ၃၂၁ တွင် ဆိုင်ကယ်မောင်းနှင်လျှင် ထီးမဆောင်းရ၊ ဆိုင်ကယ်ကို အမိုးတပ်ဆင်ခြင်း မပြုရဟု ပြဋ္ဌာန်းထားသည်။
ထားဝယ်မြို့တွင် ယနေ့ နံနက်စောစောပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းလျက်ရှိရာ ခရီးသွားလာနေသည့် မြို့ခံပြည်သူများမှာလည်း မော်တော် ဆိုင်ကယ်ဖြင့် လာရာတွင် ထီး နှင့် မိုးကာအင်္ကျီ အသုံးပြု သွားလာနေကြသည်ကိုတွေ့ရကြောင်း မြို့ခံများထံမှ သိရသည်။







