မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် လေကြောင်းတိုက်ခိုက်မှုများ ထပ်မံပြုလုပ်လာမည်ကို စိုးရိမ်သည့် အတွက် ဒေသခံများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြကြောင်း ဒေသခံများထံမှ သိရသည်။
ရေးချောင်းဖျားဒေသကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဇွန်လ ၃ ရက် နံနက် ၁ နာရီဝန်းကျင်တွင် ပေါင် ၅၀၀ ဗုံး နှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။
ယင်းနောက်ပိုင်းတွင်လည်း ဝေဟင် ကင်းထောက်မှု နေ့တိုင်းလိုလို ရှိနေသဖြင့် လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲတိုက်မည်ကို စိုးရိမ်ကြောက်လန့်နေကြကြောင်း ဒေသခံများက ပြောဆိုသည်။
“လေယာဉ်နဲ့ ဗုံးလာကြဲပြီးကတည်း ဘယ်သူမှ မနေရဲကြတော့ဘူး။ အနီးအနားက လူတွေလည်း ပြောင်းကုန်ကြတယ်။ တချို့ကလည်း ရေးမြို့ပေါ်ကို ပြောင်းသွားကြတယ်။ တချို့ကလည်း ကိုယ့်အသိရှိတဲ့ တခြားရွာဘက်ကို ပြောင်းကြတယ်။” ဟု ရေးချောင်းဖျားဒေသခံတစ်ဦးက ပြောသည်။
ယင်းအပြင် ပြီးခဲ့သည့် မေလ ၂၇ ရက် နံနက် ၁ နာရီခန့်ကလည်း ရေးဘီလူးတပ်စခန်းနေရာကို စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ရေးဘီလူးစခန်း လေကြောင်း တိုက်ခိုက်ခံရပြီးနောက် အနီးအနားရှိ အရပ်သားပြည်သူများလည်း လေကြောင်းအန္တရာယ် ထပ်မံကျရောက်လာမည်ကို စိုးရိမ်သည့်အတွက် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကြကြောင်း မြန်မာပြည်တောင်ပိုင်း လူသားချင်းစာနာထောက်ထားမှု ကွန်ရက်ထံမှ သိရသည်။
ရေးချောင်းဖျားဒေသ ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် အရပ်သား ထိခိုက်သေဆုံးခဲ့သလို ရေးဘီလူးစခန်း တိုက်ခိုက်ခံရမှုတွင်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းလည်း သေဆုံးခဲ့သည်။







