မွန်ပြည်နယ်အတွင်း အတွဲလိုက် ဆောင်းဘောက်စ်များကို ထိရောက်စွာအရေးယူရန် စစ်အုပ်စုကျင်းပသည့် ရွေးကောက်ပွဲက ပေါ်ပေါက်လာသည့် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့သည်။
ယမန်နေ့ ဇွန်လ ၉ ရက်တွင် ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ဘီးလင်းမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီက တင်သွင်းခဲ့ခြင်းဖြစ်သည်။
ကျန်းမာရေး ထိခိုက်နိုင်ပြီး စိတ်အနှောင့်အယှက်ဖြစ်စေသည့် အတွဲလိုက် ဆောင်းဘောက်စ်များ ဖွင့်လှစ်မှုများကို ထိရောက်စွာ အရေးယူ တားဆီးပိတ်ပင်ပေးရန် အဆိုတင်ခဲ့သည်။
သာရေး နာရေး၊ ဘာသာရေးပွဲတော်များတွင် အတွဲလိုက် ဆောင်းဘောက်စ်များ အသုံးပြုမှု တစ်စတစ်စ ကျယ်ပြန့်လာကြောင်း ၎င်းက ပြောသည်။
အဆိုပါ အဆိုကို လွှတ်တော်တွင် ဆွေးနွေးရန် လွှတ်တော်က သဘောတူခဲ့သည်။
ဆောင်းဘောက်စ် ဖွင့်ရာတွင် စည်းကမ်းရှိရှိ စနစ်တကျ ဖြစ်ရန်လိုအပ်ကြောင်း မုဒုံမြို့နယ်ခံတစ်ဦးက ဆိုသည်။
“ဥပမာ အသံလျှော့ပြီး ဖွင့်စေချင်တယ်။ တစ်နေကုန် ဖွင့်တာမျိုး မဟုတ်ပဲ မနက်ပိုင်းဖြစ်ဖြစ် ညနေပိုင်းဖြစ်ဖြစ် အချိန်သတ်မှတ်ပြီး ဖွင့်တာမျိုးပါ” ဟု ၎င်းက ပြောဆိုသည်။
ယင်းအပြင် အတွဲလိုက်ဆောင်းဘောက်စ် တင်ဆောင်သည့် ကားများကိုလည်း အန္တရာယ်မဖြစ်ရန် လုပ်ဆောင်သင့်ကြောင်း အထက်ပါဒေသခံက ဆိုသည်။
“ဆောင်းဘောက်စ်တွေ တင်ထားကားတွေပေါ့ အန္တရာယ်များတယ်။ ဆောင်းဘောက်စ်တွေ အပြည့်တင်ထားပြီးတော့ အဲဒီအပေါ်မှာ လူတွေ တက်နေနေတာ။ အဲဒါကိုလည်း ကားပေါ်မှာ ဆောင်းဘောက်စ် ဘယ်နှစ်လုံးပဲ တင်ရမယ် ဆိုတာမျိုးပေါ့” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဆောင်းဘောက်စ် အရေအတွက် အပြိုင်အဆိုင် ပိုမိုတင်ကြသလို အသံကို ပိုကျယ်စေရန် အပြိုင်အဆိုင် လုပ်ဆောင်ကြကြောင်း ဒေသခံများထံမှ သိရသည်။
“အခုက ကြိုက်သလောက်တင် ကြိုက်သလိုဖွင့် တစ်ယောက်က ဒီလောက်အသံနဲ့ ဖွင့်ရင် နောက်တစ်ယောက်က အဲဒီထက် ပိုကျယ်အောင်ဖွင့်တယ်။ ဘယ်သူ့ အသံပိုကျယ်လဲ၊ အဲဒီလိုမျိုး ပြိုင်ဆိုင်ပြီး ဖွင့်ကြတာ။ ဒါကို ဘယ်သူမှလည်း မတားဆီးကြဘူး” ဟု အထက်ပါဒေသခံက ပြောဆိုသည်။
အတွဲလိုက်ဆောင်းဘောက်စ်များ ဆူညံစွာ ဖွင့်လှစ်ခြင်းနှင့် ပတ်သက်ပြီး အရေးယူနိုင်ရေး ပြီးခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင်လည်း အဆို၊ မေးခွန်း တင်သွင်း မေးမြန်းမှုများ ရှိခဲ့သည်။
သို့သော်လည်း ဆောင်းဘောက်စ်ပြဿနာများကို သက်ဆိုင်ရာက ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိခဲ့ပေ။







