ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင်တွင် တရားဝင်ခွင့်ပြုချက် မရှိဘဲ တစ်လလျှင် အသားလုံး တန် ၃၀ ခန့် ထုတ်လုပ်နေသော အသားလုံး (လုချင်း) စက်ရုံကို အာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးလိုက်သည်။
ပထုံဌာနီခရိုင် လမ်လုကာဒေသရှိ အသားလုံးစက်ရုံကို FDA အဖွဲ့အပါအဝင် CIB နှင့် စားသုံးသူဦးစီးဌာနက ဇွန်လ ၉ ရက်တွင် ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
စားသုံးသူများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မှတ်ပုံတင်အထောက်အထားဆိုင်ရာ ဥပဒေများကို ချိုးဖောက်ထားသည်ကို စစ်ဆေးတွေ့ရှိကြောင်း ဆိုသည်။
အထူးသဖြင့် စက်ရုံထဲရှိ ပစ္စည်းများသည် FDA ထောက်ခံချက် မရှိခြင်း၊ သက်တမ်းကုန်ဆုံးနေခြင်း၊ အချို့ပစ္စည်းများတွင် ထောက်ခံချက်နံပါတ် အတုများကို အသုံးပြုထားသည်ကို တွေ့ရကြောင်း ဖော်ပြသည်။
စက်ရုံသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကတည်းက ထုတ်လုပ်မှု လိုင်စင်သက်တမ်းကုန်ဆုံးနေပြီဖြစ်ပြီး လိုင်စင်သက်တမ်းတိုးခြင်း မရှိကြောင်း ဖော်ပြသည်။
ထို့ကြောင့် စက်ရုံထဲတွင် တွေ့ရှိသည် ကြက်၊ ဝက်၊ အမဲသားများ အပါအဝင် ကြိတ်စက်နှင့် အခြားစက်ပစ္စည်း အရေအတွက် ၁၃၂,၀၀၀ ကို သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း ဆိုသည်။






သိမ်းဆည်းခဲ့သော အသားနှင့် ပစ္စည်းများ၏ ကာလတန်ဖိုးမှာ ဘတ်ခုနစ်သန်းကျော်ရှိကြောင်း ဖော်ပြသည်။
ယင်းစက်ရုံကို လွန်ခဲ့သော ဆယ်စုနှစ်ကျော်ကတည်းက ဖွင့်လှစ်ထားခြင်းဖြစ်ပြီး တစ်လလျှင် အသားလုံးတန်ချိန် ၃၀ ခန့် ထုတ်လုပ်လျက်ရှိကာ ဝင်ငွေ သုံးသန်းခန့်ရရှိနေကြောင်း ဖော်ပြသည်။
စက်ရုံထဲ သန့်ရှင်းမှုနှင့် ပါဝင်ပစ္စည်းများလည်း စံနှုန်းကိုက်ညီမှု မရှိသဖြင့် နမူနာများကို ဓါတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးမည်ဖြစ်ကြောင်း ဆိုသည်။
ခွင့်ပြုချက်မရှိဘဲ စက်ရုံလည်ပတ်မှုနှင့် အသားလုံးအတုများ၊ ကျန်းမာရေးနှင့်မညီသည့် အသားလုံးများကို ထုတ်လုပ်ဖြန့်ချိမှုဖြင့် စက်ရုံပိုင်ရှင်ကို အရေးယူမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
Ref: Pattaya Mail, One 31 Net, Thairath







