ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မောတောင်တွင် အိမ်ဖောက်ထွင်းယူလာသည့်ပစ္စည်းများကို စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ ကားလမ်းတွင်ချရောင်း

June 10, 2026

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့တွင် နေအိမ်နှင့် ကုန်စုံဆိုင်များကို ဖောက်ထွင်းပြီး ယူဆောင်လာသည့် ပစ္စည်းများ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ ပြည်ထောင်စုလမ်းမတွင် ခင်းကျင်းကာ ရောင်းချနေကြောင်း မျက်မြင်တွေ့ရှိသည့် ခရီးသွားများက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၉ ရက်တွင် စစ်အာဏာရှင်တပ်က မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် မြို့တွင်းရှိ ကုန်စုံဆိုင် များနှင့် အိမ်များတွင်ရှိသည့် ပစ္စည်းများ၊ ဆိုင်ကယ်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ စသည်တို့ကို ကားများဖြင့် သယ်ယူနေကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါပစ္စည်းများကို စစ်ကူလာပို့သည့် ကားဖြင့် စစ်အာဏာရှင် အမှတ် ၅၅၈ ခြေမြန်တပ်ရင်းအခြေစိုက်သည့် ကမ္မလိုင်းကျေးရွာသို့ သယ်ဆောင်သွားကြောင်း ၎င်းတို့က ပြောဆိုသည်။ ကမ္မလိုင်းရွာသည် တနင်္သာရီမြို့နှင့် မောတောင်မြို့ကြား တည်ရှိသည်။

ယင်းနောက် ကမ္မလိုင်းကျေးရွာ ဘုန်းကြီးကျောင်းရှေ့ရှိ ပြည်ထောင်စုလမ်းမတွင် ဇွန်လ ၇ရက်က ခင်းကျင်းကာ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ ကိုယ်တိုင်ရောင်းချနေကြောင်း မျက်မြင်တွေ့ရှိသည့် ခရီးသွားများက ပြောသည်။

“စကစတွေ ကိုယ်တိုင်ရောင်းနေတယ်။ ချပြီးပဲ ရောင်းနေတယ် ကျောင်းရှေ့မှာ။ ပေါက်တူးတွေ ဂေါ်ပြားတွေကအစ မကျန်၊ မီးသွေး မီးဖိုအကောင်းတွေက အစ မကျန် ဘုန်းကြီးကျောင်းရှေ့မှာ ချပြီးရောင်းနေတယ်။ ကော်ရေခွက်ကအစ အကုန်သယ်လာတယ်” ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံ ခရီးသွားတစ်ဦးက ဆိုသည်။

စစ်အာဏာရှင်တပ်သားများသည် ဇွန်လ ပထမပတ်အတွင်းကလည်း မြိတ်မြို့ရှိတပ်စခန်းများသို့ ကား ငါး စီးဖြင့်တစ်ကြိမ်၊ နှစ်စီးဖြင့် တစ်ကြိမ် ပစ္စည်းများ သယ်ယူသွားသေးကြောင်း မျက်မြင်တွေ့ရှိသူများက ပြောဆိုသည်။

“ပုံတော့ မရိုက်ရဲဘူး။ ကားတွေနဲ့ တိုက်နေကြတယ်။ အစုံပါတယ်။ ဆိုင်ကယ်တွေ ဆိုင်မှာ တင်ရောင်းထားတာတွေ။ မောတောင်ဘက်ကသူတွေ ပြောတာတော့ (စစ်အာဏာရှင်တပ်စစ်ကြောင်း) တစ်တပ် ဝင်လာရင် တစ်ခါဖောက်ပြီး ယူတယ်‌ပြောတယ်” ဟု မျက်မြင်တွေ့သည့် ခရီးသွားတစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ်သည် မောတောင်မြို့ရှိ ဒေသခံများနှင့် စစ်ဘေးရှောင်များကို မြို့အတွင်းတွင်သာ သွားလာခွင့်ပြုပြီး မြို့ပြင်သို့ သွားလာခွင့် ပိတ်ပင်ထားကြောင်း ဒေသခံများထံမှ သိရသည်။