ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်တွင် ဇွန်လပထမပတ်အတွင်း လူငယ်ငါးဦးထက်မနည်း စစ်မှုထမ်းစုဆောင်းခံရ

June 10, 2026

ဓာတ်ပုံ - Dawei Watch

ထားဝယ်မြို့တွင် ဇွန်လပထမပတ်အတွင်း လူငယ်အမျိုးသား ငါးဦးထက်မနည်း အဓမ္မစစ်မှူထမ်းစုဆောင်းခံရကြောင်း မြို့ခံများက ပြောသည်။

ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်ကြား မြစ်ကူးတံတားဖြစ်သည့် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် ဇွန်လ ၇ ရက် နံနက် ၆နာရီခွဲခန့်တွင် ခရီးသွားလူငယ် လေးဦးထက်မနည်းကို စစ်အာဏာရှင်တပ်၏ စစ်မှူထမ်းစုဆောင်းရေးအဖွဲ့က ဖမ်းဆီးပြီး အဓမ္မစစ်မှုထမ်းစုဆောင်းကြောင်း မြို့ခံခရီးသွားအချို့က ဆိုသည်။

“တစ်ယာက်က စက်ဘီးနဲ့ ထားဝယ်ဘက်ကနေလာတဲ့အချိန် အခေါ်ခံရတယ်၊ နောက် အဲဒီအချိန်မှာပဲ အလုပ်သမားတွေ တင်လာတဲ့ သုံးဘီး ဆိုင်ကယ်ပေါ်ပါလာတဲ့ အလုပ်သမားတွေ သုံးဦးလောက်ရှိမယ် သူတို ခေါ်ချသွားတာ” ဟု ကိုယ်တိုင် တွေ့ရသည့် မြို့ခံခရီးသွားတစ်ဦးကပြောဆိုသည်။

ယင်းအပြင် ဇွန်လ ၈ ရက် ညကလည်း ထားဝယ်မြို့ ကြက်စားပြင် ရပ်ကွက် ၊ မီးသုံးလုံး လမ်းဆုံအနီးနေအိမ်တစ်အိမ်တွင် လူငယ်တစ်ဦး ညဘက်နေအိမ်အတွင်း စစ်မှုထမ်း စုဆောင်းခံရကြောင်း ယင်းရပ်ကွက်နေသူများကပြောသည်။

စစ်မှုထမ်းစုဆောင်းရေးအဖွဲ့သည့် ရွေ့လျား ပုံစံ ဖြင့် ထားဝယ်ခရိုင်အတွင်းရှိ မြို့ဝင်မြိုထွက် စစ်ဆေးရေးဂိတ် နှင့် မြို့ပေါ် ရပ်ကွက် နေအိမ်များသို့ ဝင်ရောက်၍ လူငယ်များကို ဖမ်းဆီးကာ စစ်မှုထမ်း လစဉ် စုဆောင်းလေ့ရှိ ကြောင်း မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် မေလ ၂၀ ရက်ကစပြီး လောင်းလုံးမြိုနယ်သို့ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးရောက်ရှိနေသည့် အင်အား ၁၇၀ နီးပါးရှိသည့် စစ်အာဏာရှင်စစ်ကြောင်းတွင်လည်း စစ်မှုထမ်းတပ်သားအများအပြားပါဝင်နေကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။

“သူတို့ လူကြီးပိုင်းလောက် တစ်ယောက် နှစ်ယောက် လောက်ပဲ စစ်သားတွေ။ ကျန် တာ ပစ (စစ်မှုထမ်း) တွေများတယ်၊ ထားဝယ်သားလည်းပါတယ်”ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် မေလကလည်း ထားဝယ်မြို့ ရှိ မြို့အဝင်အထွက်ဂိတ် နှစ်ခု နှင့် ကမ်းနားလမ်းတို့ တွင် စုစုပေါင်း လူငယ် ၂၀ ဦးထက်မနည်းကို ကို စစ်အာဏရှင်တပ်က စစ်မှုထမ်း အဓမ္မစု ဆောင်းဖမ်းဆီးခဲ့ သေးသည်။

သို့သော် ထားဝယ်မြို့ပတ် ကမ်းနားလမ်းတွင် ဖမ်းဆီးခံခဲ့ရသည့် လူငယ်အချို့ကို မူ ထားဝယ်မြို့မရဲစခန်းတွင် တစ်ည ဖမ်းဆီးထိန်းသိမ်းပြီး ခံဝန်ထိုး စေကာ ပြန်လွှတ်လိုက်ကြောင်း စုံစမ်းသိရသည်။

စစ်အာဏာရှင်တပ်သည် စစ်မှုထမ်းအပတ်စဉ် ၂၅ သင်တန်းကို မေလ၂၅ ရက်က ကျွန်းစုမြို့နယ် တနင်္သာရီရေတပ်စခန်းဌာနချုပ် ကွပ်ကဲမှုအောက်ရှိ အမှတ် ၅၇ ရေတပ်လေ့ကျင့် ရေးတပ် တွင် ဖွင့်လှစ်ခဲ့သည်။

တိုင်းအတွင်း မေလတွင် လူငယ် ၁၆၀ ကျော် စစ်မှုထမ်းစုဆောင်းခံလိုက်ရသည်ကို စစ်အုပ်စုထုတ်ပြန်သည့် မှတ်တမ်းဓာတ်ပုံအရသိရသည်။