ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်တွင် ယခုနှစ် ဆားအထွက်နှုန်းကောင်း

June 10, 2026

ထားဝယ်ခရိုင်တွင် ယခုနှစ် ဆားထုတ်လုပ်သည့်ရာသီတွင် ဖျက်မိုးနည်းသဖြင့် ဆားအထွက်နှုန်းကောင်းကြောင်း ဆားလုပ်တောင်သူအချို့က ပြောသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်းမှာ ဖျက်မိုးများခြင်း၊ မိုးရိပ်တတ်ခြင်း စသည်တို့ကြောင့် ဆားအထွက်နှုန်း လျော့ကျခဲ့ပြီး ယခု ၂၀၂၆ ခုနှစ်တွင်သာ ဆားအထွက် ကောင်းလာကြောင်း ထားဝယ်မြို့ရှိ ရွှေပြည်သား ဆားလုပ်ငန်းရှင် ဦးသန်းဝင်းက ဆိုသည်။

ယခုနှစ်တွင် နွေမိုးရွာသွန်းမှု နည်းပါးခြင်း၊ ဖျက်မိုးနည်းခြင်းတို့ကြောင့် ဆားအထွက်ကောင်းခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ယခင်နှစ်များက ဧက ၂၀၀ ခန့်ရှိ ဆားကွင်းနှစ်ကွင်းတွင်ဆိုလျှင် ဆားပိဿာချိန် ၁၃ သိန်းမှ ၁၈ သိန်းခန့်သာ ထွက်ခဲ့သော်လည်း ယခုနှစ်တွင် ဆားပိဿာချိန် ၂၅ သိန်းခန့်ထွက်ရှိကြောင်း ဦးသန်းဝင်းက ပြောသည်။

“အရင်နှစ်တွေက ရာသီမကောင်းဘူး။ ဒီနှစ်က ဖျက်မိုးနည်းတယ်” ဟု ၎င်းက ပြောဆိုသည်။

သရက်ချောင်းမြို့နယ်နှင့် ရေဖြူမြို့နယ် ကံပေါက်ဒေသက ဆားလုပ်ငန်းရှင်တို့ကလည်း ယခုနှစ်တွင် ဆားအထွက် ကောင်းကြောင်း ဆိုသည်။

သို့သော် ယခုနှစ်တွင် အလုပ်သမား ရှာဖွေရခက်ခဲခြင်း၊ ထင်းအခက်အခဲနှင့် ထုတ်လုပ်ချိန်နောက်ကျခြင်းတို့ကြောင့် ထုတ်လုပ်မှု ဧကကို လျှော့ချထုတ်လုပ်ခဲ့ရကြောင်း ဆားလုပ်တောင်သူများထံမှ သိရသည်။

“ရာသီဥတုကောင်းပေမယ့် ဆားထုတ်ချိန် နောက်ကျလို့၊ နောက်ပြီး အလုပ်သမား အခက်အခဲတွေ ဘာတွေလဲ ရှိသေးတာပေါ့” ဟု ကံပေါက်ဒေသတွင်ဆားလုပ်ငန်း အစုရှယ်ယာရှင်တစ်ဦးက ပြောသည်။

ဆားထုတ်လုပ်မှု ဧကကို ယမန်နှစ်ထက် လျှော့လိုက်သော်လည်း အထွက်နှုန်းတိုးသဖြင့် ယမန်နှစ်က ရရှိသည့် ဆားပမာဏနီးပါး ယခုနှစ်တွင် ပြန်လည်ရရှိကြောင်း ၎င်းက ဆိုသည်။

ဆားစျေးမှာ တစ်ပိဿာလျှင် လက်ကားဈေး ၁၀၀၀ ကျပ်ရှိနေပြီး မီးချက်ဆားမှာ တပိဿာ ၁၅၀၀ ကျပ်ရှိကြောင်း ဆားလုပ်တောင်သူများက ပြောဆိုသည်။

ဆားစျေးမှာ ယမန်နှစ်စျေးနှင့် သိသိသာသာ ကွာဟမှု မရှိကြောင်း ၎င်းတို့က ဆိုသည်။

ဆားကို အောက်တိုဘာလမှ မေလအထိ ထုတ်လုပ်ကြောင်း ဆားလုပ်တောင်သူများထံမှ သိရသည်။