ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကွန်ဂိုတွင် အီဘိုလာကူးစက်ခံရသည့် အတည်ပြုလူနာ ၆၀၀ နီးပါး ရှိလာ

June 10, 2026

Photo - https://www.reuters.com/business/healthcare-pharmaceuticals/congo-says-number-confirmed-ebola-cases-rises-nearly-600-2026-06-09/

နိုင်ငံအတွင်း အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရသည့် အတည်ပြုလူနာ ၆၀၀ နီးပါးအထိ မြင့်တက်လာကြောင်း ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အစိုးရက ဇွန်လ ၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဒေသခံပြည်သူလူထုအကြား ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအမံများ၏ အရေးကြီးပုံကို သတိပြုမိလာစေရန် နှိုးဆော်ပေးလျက်ရှိသည်။

သေဆုံးသူ ၁၁၅ ဦးအပါအဝင် အတည်ပြုပြီးသား အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်မှာ ၅၉၈ ဦးအထိ တိုးလာပြီဖြစ်ကြောင်း ကွန်ဂိုအစိုးရက X လူမှုကွန်ရက်ပေါ်တွင် ဖော်ပြထားသည်။

လူနာ ၂၂ ဦးမှာ အီဘိုလာရောဂါမှ ပြန်လည်သက်သာကောင်းမွန်လာပြီဖြစ်ပြီး အခြားဒေသ ကျန်းမာရေးနယ်မြေများသို့ ကူးစက်မှုအသစ်များ ထပ်မံပျံ့နှံ့သွားခြင်း မရှိကြောင်းလည်း ဖော်ပြထားသည်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအစိုးရက လက်ရှိ ဖြစ်ပွားနေသည့် ဘွန်ဒီဘူဂျိုအီဘိုလာဗိုင်းရပ်စ်မျိုးစိတ်သစ် ကူးစက်ပျံ့နှံ့မှုကို မေလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

သို့ရာတွင် အဆိုပါ ဗိုင်းရပ်စ်သည် တာဝန်ရှိသူများ မသိရှိခင် ရက်သတ္တပတ်များစွာကတည်းက ကူးစက်ပျံ့နှံ့နေခဲ့ခြင်းဖြစ်၍ ကျန်းမာရေးအာဏာပိုင်များမှာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် ရုန်းကန်နေရသည်။

အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးကော်မတီ (IRC) ကူညီရေးအဖွဲ့သည် ကွန်ဂိုနိုင်ငံ၊ အီတူရီပြည်နယ်အတွင်း ဖြစ်ပွားနေသည့် အီဘိုလာရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် လိုအပ်သည့် ရန်ပုံငွေများကို ပံ့ပိုးပေးကြပါရန် အင်္ဂါနေ့တွင် ဆော်ဩထားသည်။

ကာလရှည် လက်နက်ကိုင်ပဋိပက္ခဒဏ် ခံစားနေရသည့် ကွန်ဂိုနိုင်ငံမှ ပြည်နယ်သုံးခုတွင် ကမ္ဘာ့သမိုင်းတလျှောက် အကြီးမားဆုံး အီဘိုလာရောဂါ ကူးစက်ပြန့်ပွားမှုများအနက်မှတစ်ခုနှင့် ရင်ဆိုင်နေရကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

ဆေးဘက်ဆိုင်ရာဝန်ထမ်းများသည် မိမိကိုယ်ကိုယ် ဘေးကင်းစေရန်နှင့် ရောဂါထပ်မံပျံ့နှံ့မှုကို ကာကွယ်ရန်အတွက် အခြေခံအသုံးအဆောင်ပစ္စည်းများကို ရရှိရန်ပင် ရုန်းကန်နေရကြောင်း ဆရာဝန်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးအရာရှိများ၏ အဆိုအရ သိရသည်။

Source: Reuters

ဓာတ်ပုံ – https://www.reuters.com/business/healthcare-pharmaceuticals/congo-says-number-confirmed-ebola-cases-rises-nearly-600-2026-06-09/