ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ယူကရိန်းစစ်ပွဲ အဆုံးသတ်တော့မည်ဟု ယူဆကြောင်း ပူတင်ပြော

May 10, 2026

ယူကရိန်းစစ်ပွဲ အဆုံးသတ်တော့မည်ဟု ယူဆကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က မေလ ၉ ရက်နေ့တွင် ပြောကြားလိုက်သည်။

မော်စကိုမြို့တွင် ကျင်းပသည့် စစ်အောင်ပွဲနေ့စစ်ရေးပြအခမ်းအနား၌ ယူကရိန်းကို အောင်နိုင်ရမည်ဟု ၎င်းက ကတိပြုပြောကြားခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတွင် သေကြေပျက်စီးမှု အများဆုံးဖြစ်ပွားခဲ့သည့် ရုရှား-ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ ပူတင်က “ဒီကိစ္စက အဆုံးသတ်ကို ဦးတည်နေပြီလို့ ကျွန်တော်ထင်တယ်” ဟု စနေနေ့က ရုရှားနိုင်ငံ မော်စကိုမြို့တွင် ပြုလုပ်ကျင်းပသည့် စစ်အောင်ပွဲနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ယင်းအပြင် ဥရောပတိုက်အတွက် လုံခြုံရေးဆိုင်ရာ အစီအမံအသစ်များကို ညှိနှိုင်းဆွေးနွေးရန် ဆန္ဒရှိကြောင်း ပူတင်က ဆိုသည်။

ဂျာမနီအဓိပတိဟောင်း ဂါဟတ်ရှရိုဒါ ကို ဆွေးနွေးဖက်အဖြစ် ပိုမိုနှစ်သက်ကြောင်း ၎င်းက ပြောသည်။

၂၀၂၂ ခုနှစ်တွင် ရုရှား၏ ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ရုရှားနှင့် အနောက်အုပ်စုအကြား ဆက်ဆံရေးမှာ ၁၉၆၂ ခုနှစ် ကျူးဘားဒုံးပျံအရေးအခင်းနောက်ပိုင်း အဆိုးရွားဆုံး အကျပ်အတည်းသို့ ရောက်ရှိခဲ့သည်။

သမ္မတဒေါ်နယ်ထရမ့်၏ အမေရိကန်အစိုးရက ကြားဝင်စေ့စပ်ပေးနေသည့် ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးငြိမ်းချမ်းရေးဆွေးနွေးမှုများမှာ ခေတ္တရပ်တန့်နေကြောင်း ကရင်မလင်နန်းတော်က ထုတ်ပြန်ထားသည်။

မော်စကိုက “အထူးစစ်ဆင်ရေး” ဟု ခေါ်ဆိုသည့် ယူကရိန်းစစ်ပွဲတွင် ရုရှား၏ စစ်ရည်မှန်းချက်များအားလုံး ပြည့်ဝသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ပူတင်က ထပ်ခါတလဲလဲ ကတိပြုပြောဆိုထားသည်။

Source: Reuters