ထားဝယ်မြို့ပေါ်တွင် အုပ်ချုပ်ရေးမှူးမိသားစု သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် နှစ်ဦးသေဆုံးကာ အသက် နှစ်ဆယ်ကျော်အရွယ် သမီးဖြစ်သူမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများ၏ ပြောကြားချက်အရ သိရသည်။
ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူ ဇနီးမောင်နှံ နှစ်ဦးမှာ ဆန်းချီရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်နှင့် ၎င်း၏ဇနီးဖြစ်သူတို့ ဖြစ်သည်။
အုပ်ချုပ်ရေးမှူးနှင့် မိသားစုမှာ မေလ ၉ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ဆန်းချီရပ်ကွက် ဆန်းချီဘုန်းကြီးကျောင်းအနီးရှိ နေအိမ်၌ ရှိနေချိန် လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသား နှစ်ဦးက နေအိမ်ပေါ်အထိ ရောက်ရှိလာပြီး ပစ်သတ်သွားခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။
အဆိုပါ သေနတ်သမား နှစ်ဦးမှာ အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်ကို ကနဦး ပစ်ခတ်ခဲ့ပြီးနောက် ၎င်း၏ဇနီးနှင့် သမီးတို့ကိုပါ ထပ်မံပစ်ခတ်ခဲ့ကြောင်း မြို့ခံအချို့က ဆိုသည်။
ပစ်ခတ်ခံရမှုကြောင့် ဦးမင်းနိုင်၏ ခန္ဓာကိုယ်အနှံ့တွင် သေနတ်ဒဏ်ရာ ဆယ်ချက်ထက်မနည်း ရရှိခဲ့ပြီး ထားဝယ်ဆေးရုံကြီး၌ ဆေးကုသနေစဉ် သေဆုံးသွားကြောင်း မြို့ခံအချို့က ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ဦးမင်းနိုင်၏ ဇနီးမှာလည်း သေနတ်ဒဏ်ရာဖြင့် ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသနေစဉ် ထပ်မံသေဆုံးသွားခဲ့ကြောင်း သိရသည်။
ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် သမီးဖြစ်သူမှာလည်း ညာဘက်ညှပ်ရိုး ကျည်ဆန်ဖောက်ဝင်ဒဏ်ရာနှင့် လက်ဖဝါးတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ကြောင်း သိရသည်။
ဦးမင်းနိုင်နှင့် မိသားစုကို မည်သူတို့က မည်သည့်အကြောင်းရင်းကြောင့် ပစ်ခတ်သွားသည်ဆိုခြင်းကိုမူ မသိရသေးပေ။
သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိသူ မိသားစုဝင် သုံးဦးစလုံးကို မေလ ၉ ရက်နေ့ညက ထားဝယ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့နှင့် ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့တို့မှ လူနာတင်ယာဉ်များဖြင့် ထားဝယ်ဆေးရုံကြီးသို့ ဆေးကုသရန် ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့ညကလည်း ထားဝယ်မြို့ ဥဿာရံရပ်ကွက်တွင် သားအဖနှစ်ဦး နေအိမ်ပေါ်၌ ရှိနေစဉ် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် ဖခင်ဖြစ်သူ သေဆုံးကာ သမီးဖြစ်သူ ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ရှိခဲ့သေးသည်။







