ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ်က တပိုရွာနှင့် မင်းပြင်ရွာကို ဂျိုင်ရိုကော်ပတာဖြင့် ဗုံးချတိုက်ခိုက်

July 9, 2026

ပလမြို့၊ တပိုရွာနှင့် မင်းပြင်ရွာကို စစ်အာဏာရှင်တပ်က ဂျိုင်ရိုကော်ပတာဖြင့် ဗုံးချတိုက်ခိုက်ခဲ့သလို ဒရုန်းဖြင့်လည်း ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူများ၊ ဒေသခံများထံမှ သိရသည်။

ယနေ့ (ဇူလိုင် ၉) နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် တပိုရွာနှင့် မင်းပြင်ရွာကို စစ်အာဏာရှင်တပ်က ဂျိုင်ရိုကော်ပတာသုံးစီးဖြင့် ဗုံးသီး ငါးလုံးချ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ်က မင်းပြင်ရွာကို ဗုံးသီး သုံးလုံးနှင့် တပိုရွာကို ဗုံးသီး နှစ်လုံးချ၍ တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းကရှင်းပြသည်။

“ထိခိုက်မှုတော့ မသိရသေးဘူး။ ရွာသားတွေတော့ ပြေးကုန်ပြီ။ စောစောပိုင်းက တိုက်ပွဲတော့ ခဏဖြစ်သွားတယ်” ဟု အထက်ပါ နီးစပ်သူက ဆိုသည်။

စစ်အာဏာရှင်တပ်က မွန်းလွဲ ၂ နာရီတွင်လည်း ဒရုန်းဖြင့် တပိုရွာကို ဗုံးသီးတစ်လုံးချ၍ ထပ်မံတိုက်ခိုက်ခဲ့သေးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“အပေါ်ကောင်တွေ (လေယာဉ်/ဒရုန်း) လာနေတာ နှစ်ခါဖြစ်ပြီ။ ခုလည်း ချနေတုန်း (မွန်းလွဲ ၂ နာရီခန့်က)။ ခုက ဒရုန်းနဲ့ ဗုံးသီးချနေတာ။ ရွာသားတွေက ခုထိ ပြေးနေကြတုန်းပဲ” ဟု အထက်ပါ ဒေသခံက ပြောသည်။

စစ်အာဏာရှင်တပ်က ဂျိုင်ရိုကော်ပတာနှင့် ဒရုန်းတို့ဖြင့် တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားမှု အခြေအနေကို အသေးစိတ်ကို မသိရသေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူအချို့က ဆိုသည်။

မင်းပြင်ရွာနှင့် တပိုရွာသည် မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမပေါ်တွင် တည်ရှိပြီး ယင်းရွာနှစ်ရွာကြားတွင် ဘိုင်းပြင်ရွာ တည်ရှိသည်။