ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ကင်းနီကျွန်းရွာကို ဗုံးကြဲ

July 9, 2026

တနင်္သာရီမြို့နယ်၊ ကော့မပြင်းကျေးရွာအုပ်စု၊ ကင်းနီကျွန်းရွာကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်များနှင့် ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ၈ ရက်နေ့ ညနေ ၄ နာရီတွင် စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ကင်းနီကျွန်းရွာကို ဗုံး လေးလုံးကြဲ၍ တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြိတ်-ထားဝယ်ခရိုင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကင်းနီကျွန်းရွာအတွင်းသို့ စစ်အာဏာရှင်တပ်က ပေါင် ၂၅၀ ဗုံးသီး ၄ လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကင်းနီကျွန်းရွာသည် တနင်္သာရီမြစ်နံဘေးရှိ စစ်အာဏာရှင်တပ်၏ ကျောက်လုံးကြီးစခန်းနှင့် တစ်ဆက်တည်းရှိသည့် ကရင်တိုင်းရင်းသားများ နေထိုင်သည့်ရွာဖြစ်သည်။

ကင်းနီကျွန်းရွာနှင့် အနီးဝန်းကျင်ရှိ ဒေသခံများသည် စစ်အာဏာရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားမှုများရှိပါက တိမ်းရှောင်ကြပြီး၊ အခြေအနေကောင်းမွန်ပါက ရွာထဲတွင် ပြန်လည်နေထိုင်ကြလေ့ရှိကြောင်း ဒေသခံအချို့က ဆိုသည်။

လက်ရှိရွာအတွင်း ပြန်လည်နေထိုင်နေသူများရှိနေသော်လည်း ယခုဗုံးကြဲတိုက်ခိုက်မှုတွင် လူထိခိုက်မှုမရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“လူတွေက ထိခိုက်မှုမရှိဘူး။ အခု တိုက်ပွဲဖြစ်နေတာက ပုလောနားမှာ ဖြစ်နေတာမျိုးရှိတယ်။ ဗုံးသီးတွေက ကွင်းတွေထဲ ကျတယ်” ဟု အထက်ပါဒေသခံက ပြောသည်။

စစ်အာဏာရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် တိုက်ပွဲများကြောင့် ကင်းနီကျွန်းရွာနှင့် အနီးဝန်းကျင်ရှိ ရွာများမှ ဒေသခံ ၉၀၀ ကျော်မှာ စစ်ဘေးရှောင်နေရကြောင်း စစ်ဘေးရှောင်များအား ကူညီနေသူတစ်ဦးက ဆိုသည်။