ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စက်သုံးဆီ တရားမဝင်ရောင်းသည်ဟုဆိုကာ ရာဇာမင်းပိုင်ရှင်ကို ထောင်နှစ်နှစ်ချ

July 9, 2026

တရားမဝင်စက်သုံးဆီ ဖြန့်ဖြူးရောင်းချသည်ဟုဆိုကာ မွန်ပြည်နယ်အတွင်း စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချခွင့် ရရှိထားသည့် ရာဇာမင်းကုမ္ပဏီပိုင်ရှင်ကို မော်လမြိုင်တရားရုံးက ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်သည်။

တရားမဝင်စက်သုံးဆီ ဖြန့်ဖြူးရောင်းချသည်ဟုဆိုကာ ပြည်နယ်အတွင်းရှိ ရာဇာမင်းကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးညီညီထွေး၊ စွမ်းမြန်မာစက်သုံးဆီဆိုင်ပိုင်ရှင် ဦးစိန်တင် (ခ) ကာဆင်၊ မိဘမေတ္တာစက်သုံးဆီဆိုင်ပိုင်ရှင် ဦးမြင့်ဇော်ဦး (ခ) ဇော်ဦးနှင့် မင်းသန့်စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် ဦးလှဝင်းခိုင်တို့ကို စစ်အစိုးရက ပြီးခဲ့သည့် မတ်လအတွင်းက ဖမ်းဆီးခဲ့သည်။

ယင်းနောက် စက်သုံးဆီလုပ်ငန်းရှင်များကို ပြည်နယ်စစ်အစိုးရက “အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ” ပုဒ်မ-၅ ဖြင့် သက်ဆိုင်ရာနယ်မြေရဲစခန်းများတွင် အသီးသီးအမှုဖွင့် အရေးယူခဲ့သည်။

အမှုဖွင့်အရေးယူခံရသည့် စက်သုံးဆီလုပ်ငန်းရှင်များအနက် ရာဇာမင်းကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးညီညီထွေးကို မော်လမြိုင်တရားရုံးက ဇူလိုင်လ ပထမအပတ်အတွင်းတွင် ထောင်ဒဏ် နှစ်နှစ်နှင့်အတူ ငွေဒဏ် ငါးသိန်းပေးဆောင်ရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ပြည်နယ်စစ်အစိုးရနှင့် နီးစပ်သူများထံမှ သိရသည်။

“စက်သုံးဆီ အခက်အခဲဖြစ်တဲ့ကာလမှာ ရာဇာမင်းကုမ္ပဏီက ဆီတွေကို ကရင်ပြည်နယ်ဘက်ကို မှောင်ခိုရောင်းချလို့ အဖမ်းခံရတာပါ။ အဲဒါကို စစ်ဆေးပြီးတော့ ကုမ္ပဏီပိုင်ရှင်ကို အရေးယူလိုက်တယ်။ အခု ထောင်ဒဏ် နှစ်နှစ် ချလိုက်တယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ရာဇာမင်းကုမ္ပဏီသည် ကရင်ပြည်နယ်ဘက်အပြင် မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ ရွှေလုပ်ကွက်များနှင့် ရေလုပ်ငန်းများအတွက် စက်သုံးဆီမှောင်ခိုရောင်းချမှုရှိခဲ့၍ အမှုရင်ဆိုင်နေရဟုဆိုသည်။

မွန်ပြည်နယ်အတွင်း စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချခြင်းကို Myanmar Energy King ကုမ္ပဏီနှင့် Ya Zar Min Industry ကုမ္ပဏီတို့က တင်ဒါအောင်မြင်ပြီး လုပ်ပိုင်ခွင့် ရရှိထားသည်။ မွန်ပြည်နယ်အတွင်း ဖြန့်ဖြူးရောင်းချမည့် စက်သုံးဆီများကို မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာရှိ Puma International Port Terminal ဆိပ်ကမ်းမှတစ်ဆင့် ဖြန့်ဖြူးလျက်ရှိသည်။