ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်တွင် ပြည်သူ့စစ် အင်အားတိုးချဲ့ရန် စစ်အုပ်စုက ပေါ်ပေါ်ထင်ထင် စတင်လုပ်ဆောင်

July 9, 2026

စစ်အုပ်စုက ဌာနေပြည်သူ့စစ်အဖွဲ့ဟု အမည်ပေးထားသော လက်နက်ကိုင်အဖွဲ့ကို အင်အားတို့ချဲ့ရန် လုပ်ဆောင်မည်ဟု တနင်္သာရီတိုင်း စစ်အစိုးရဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ပြောဆိုလိုက်သည်။

ဇူလိုင်လ ၇ ရက်က ထားဝယ်မြို့တော်ခန်းမတွင် ပြုလုပ်သည့် စစ်အုပ်စုလက်အောက်ခံ တပ်ဖွဲ့များ ရိက္ခာပေးအပ်ပွဲ၌ ၎င်းက ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားသို့ ပြည်သူ့စစ်အဖွဲ့ဝင် ၄၀ ဦး၊ စစ်မှုထမ်းဟောင်းတံဆိပ်ဖြင့် စစ်ဝတ်စုံဝတ်ဆင်ထားသူ ၆၀ ဦး၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (ပလကဖ) ဝတ်စုံဝတ်ထားသူများနှင့် ရဲတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိ အမိုးအကာနှင့် ရိက္ခာများကို စစ်အစိုးရက ပေးအပ်ခဲ့ကြောင်း စစ်အုပ်စု၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ တိုင်းစစ်အစိုးရဝန်ကြီးချုပ်က ပြောဆိုပြီးနောက်တွင် TikTok လူမှုကွန်ရက်ပေါ်၌ ဆယ်ကျော်သက်အရွယ် ထားဝယ်မြို့ခံ ပြည်သူ့စစ်ဆိုသူများက အဖွဲ့ဝင်သစ်များ အလိုရှိကြောင်းနှင့် လာရောက်ဆက်သွယ်နိုင်ကြောင်း ၎င်းတို့၏ အကောင့်များတွင် ဖော်ပြလာကြသည်။

ပြည်သူ့စစ်အဖွဲ့ဝင်ပါက စစ်မှုထမ်းစုဆောင်းခံရခြင်းမှ ကင်းလွတ်ခွင့်ရနိုင်ကြောင်းလည်း ၎င်းတို့က မက်လုံးပေးပြောဆိုနေကြသည်။

ပြည်သူ့စစ်တပ်ဖွဲ့ဝင်ပါက စစ်မှုထမ်းကင်းလွတ်ခွင့်ရမည်ဟု ဆိုသော်လည်း ထားဝယ်ခရိုင်အတွင်းရှိ တိုက်ပွဲဧရိယာများနှင့် ရှေ့တန်းစစ်မျက်နှာပြင်များသို့ အဆိုပါ ပြည်သူ့စစ်အဖွဲ့ဝင်များလည်း သွားရောက်ရကြောင်း ၎င်းတို့၏ မှတ်တမ်းများ၌ တွေ့ရသည်။

“တိုက်ပွဲထဲမှာ (စစ်အာဏာရှင်ဘက်ကနေ) အသက်မပြည့်သေးတဲ့ ကလေးတွေ ပါလာတာမျိုး တွေ့ရတယ်။ မနှစ်ကဆို စော်ဖျားကျေးရွာတစ်ဝိုက် တိုက်ပွဲတွေမှာ အသက် ၁၆ နှစ်အရွယ်တွေ ပါလာတယ်။ သေဆုံးသူတွေထဲမှာလည်း ကလေးစစ်သားအလောင်းတွေ တွေ့ရတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန၊ ဗျူဟာ ၃၃ နှင့် ၃၄ တို့၏ မဟာမိတ်ဆက်ဆံရေးတာဝန်ခံက ပြောသည်။

ထားဝယ်မြို့မဌာနေ ပြည်သူ့စစ်ဟု အမည်ပေးထားသည့် စစ်အုပ်စုလက်အောက်ခံတပ်ဖွဲ့တွင် ကျောင်းသားတစ်ပိုင်း ပြည်သူ့စစ်များပါရှိကြောင်း Dawei Watch က ယခုနှစ် မတ်လတွင် စုံစမ်းဖော်ထုတ်ရေးသားခဲ့ပြီးနောက် ယင်းတပ်ဖွဲ့တွင် လူဦးရေလျှော့ချမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုအခါတွင်မူ အဖွဲ့ဝင်အသစ်များ စုဆောင်းရန် ပေါ်ပေါ်ထင်ထင် ထပ်မံကြိုးပမ်းလာခြင်းဖြစ်သည်။

ဇူလိုင်လ ၇ ရက်က မြို့တော်ခန်းမ၌ ပြုလုပ်သည့် အခမ်းအနားတွင် တိုင်းစစ်အစိုးရဝန်ကြီးချုပ်က ပြည်သူ့စစ်အပါအဝင် စစ်အုပ်စုလက်အောက်ခံတပ်ဖွဲ့များသည် စစ်အုပ်စု၏ ရွေးကောက်ပွဲအတွက် များစွာအထောက်အကူပြုခဲ့သဖြင့် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

တိုင်းစစ်အစိုးရဝန်ကြီးချုပ်သည် ၎င်း၏ယာဉ်တန်းနှင့် လမ်းကြောင်းလုံခြုံရေးအတွက်လည်း အဆိုပါ ပြည်သူ့စစ်များကို အသုံးပြုနေဆဲဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ မြို့ခံများနှင့် စစ်အစိုးရနှင့်နီးစပ်သူများက ပြောသည်။

ထို့အပြင် အဆိုပါ ပြည်သူ့စစ်အဖွဲ့ဝင်များသည် ထားဝယ်မြို့ရှိ နေအိမ်များတွင် ညဘက် ရှာဖွေဖမ်းဆီးရေးပြုလုပ်ရာ၌ ရှေ့ပြေးအဖြစ် အသုံးပြုသည်ကိုလည်း Dawei Watch က ရရှိထားသည့် ရုပ်သံမှတ်တမ်းများတွင် တွေ့ရသည်။

“စစ်မှုထမ်းကင်းလွတ်ခွင့်ရမယ်ဆိုပြီး ဝင်တဲ့လူတွေလည်းရှိသလို၊ အချို့က အရမ်းပေတေပြီး သေမထူးနေမထူး ဝင်ကြတာလည်းရှိတယ်။ အများစုက အဖွဲ့ထဲ မဝင်ရင်တောင် ပြဿနာတစ်ခုခုဖြစ်လာရင် ဖြေရှင်းလို့ရမလားဆိုပြီး သူတို့(ပြည်သူ့စစ်)နဲ့ အဆက်အဆံလုပ်နေကြတာ” ဟု ထားဝယ်မြို့ခံလူငယ်တစ်ဦးက ပြောသည်။

စစ်အုပ်စုဘက်က ထုတ်ပြန်လိုက်သည့် ဓာတ်ပုံမှတ်တမ်းများအရ ထားဝယ်မြို့တွင် ပြည်သူ့စစ်အပြင် စစ်မှုထမ်းဟောင်းနှင့် ပလကဖအဖွဲ့များတွင်လည်း လူငယ်များပါဝင်နေသည်ကို တွေ့ရသည်။