ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့တွင် ဆိုင်ကယ်များကို လိုက်လံခိုးယူပြီး တစ်စစီ ဖြုတ်၍ ပြန်လည်ပြုပြင်ရောင်းချနေသည်ဟု စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ယနေ့ ဇွန်လ ၉ ရက်နေ့တွင် မဲဆောက်မြို့အတွင်းရှိ မြန်မာနိုင်ငံသား အများစု နေထိုင်ရာနေရာများကို ရဲတပ်ဖွဲ့နှင့် အာဏာပိုင်များက ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သော ဇွန်လ ၆ ရက်နေ့က မယ်ကုဒေသရှိ ဆိုင်ကယ်အငှားဆိုင်တွင် ဆိုင်ကယ်ပျောက်ဆုံးသည်ဟု တိုင်ကြားချက်ရရှိသဖြင့် ရဲတပ်ဖွဲ့က ခြေရာခံစုံစမ်း၍ မြန်မာအများစုနေထိုင်ရာ နေရာများအထိ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများသည် အသက် ၁၉ နှစ်နှင့် ၁၆ နှစ်အရွယ် မြန်မာနိုင်ငံသားနှစ်ဦးဖြစ်ပြီး ခိုးယူထားသော ဆိုင်ကယ်တစ်စီးနှင့် အခြားဆိုင်ကယ်များ၏ အစိတ်အပိုင်းများကို တွေ့ရှိခဲ့ဟုဆိုသည်။
ဆိုင်ကယ်ခိုးယူမှုတွင် ပါဝင်သူအရေအတွက် ၂၀ မှ ၃၀ ခန့်အထိ ရှိနိုင်ပြီး မဲဆောက်နှင့် အနီးဝန်းကျင်ဒေသများတွင် ပစ်မှတ်ထား၍ ခိုးယူနေသည်ဟု ရဲတပ်ဖွဲ့က ကနဦး ယူဆထားကြသည်။
၎င်းတို့အဖွဲ့က ခိုးယူရရှိသော ဆိုင်ကယ်များကို တစ်စစီဖြုတ်ပြီး ပြန်လည်ပြုပြင်မွမ်းမံခြင်း၊ အခြားအစိတ်အပိုင်းများကို ပြန်လည်ရောင်းချခြင်းများ ပြုလုပ်နေသည်ဟု ရဲတပ်ဖွဲ့က စုံစမ်းသိရှိခဲ့ကြောင်း ဖော်ပြသည်။
ထို့ကြောင့် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားနှစ်ဦးနှင့် ဆက်စပ်သူများကို ရှာဖွေဖော်ထုတ်၍ ဖမ်းဆီးနိုင်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားနှစ်ဦးကိုမူ ဆိုင်ကယ်ခိုးယူမှုဖြင့် အမှုဖွင့်အရေးယူထားသည်။
Ref: Khaosod English, Matichon Online







