ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်တွင် ခရီးသည်တင်ယာဉ်များ ထိုင်းကုန်ပစ္စည်းသယ်လျှင် အရေးယူမည်ဟု စစ်အစိုးရသတိပေး

June 9, 2026

ပုံစာ - မော်လမြိုင်မြို့ပေါ်ရှိ ထိုင်းကုန်ပစ္စည်းအရောင်းဆိုင်များကို စစ်အစိုးရ လက်အောက်ခံ ပူးပေါင်းအဖွဲ့တို့က လိုက်လံစစ်ဆေးနေခြင်း (ပုံဟောင်း) ဓာတ်ပုံ - စစ်ကောင်စီ

မွန်ပြည်နယ်အတွင်းရှိ ခရီးသည်ပို့ဆောင်ရေး မှန်လုံယာဉ်များ ထိုင်းကုန်ပစ္စည်းသယ်ဆောင်ပါက ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ပြည်နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီက စာပို့ သတိပေးထားကြောင်း ခရီးသည်တင်ယာဉ်လိုင်းများထံမှ သိရသည်။

မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ အဆိုပါကော်မတီက ခရီးသည်ပို့ဆောင်ရေးမှန်လုံယာဉ်အသင်းသို့ ဇွန်လ ၅ ရက် ရက်စွဲဖြင့် သတိပေးစာ ပေးပို့ခဲ့ကြောင်း ဆိုသည်။

သတိပေးစာထဲတွင် ယာဉ်လိုင်းများဖြင့် တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်နေသည်ကို စစ်ဆေးတွေ့ရှိရသည်ဟု ဖော်ပြပါရှိသည်။

ယာဉ်လိုင်းများအနေဖြင့် တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်သည်ကို စစ်ဆေးတွေ့ရှိပါက ယာဉ်ပိုင်ရှင်နှင့် ယာဉ်လိုင်း တာဝန်ခံများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း သတိပေးထားသည်။

တရားမဝင် ကုန်ပစ္စည်းများ သယ်ဆောင်ခြင်း မရှိအောင် ခရီးသည်ပို့ဆောင်ရေးမှန်လုံယာဉ်အသင်းက ကြပ်မတ်ရန်လည်း သတိပေးထားသည်။

“တရားမဝင် ကုန်ပစ္စည်းဆိုတဲ့နေရာမှာ အဓိကက ထိုင်းကုန်ပစ္စည်းတွေပေါ့။ ထိုင်းကုန်ပစ္စည်းတွေ မတင်ဖို့ကို စာပို့ သတိပေးတယ်။ သယ်ရင် အရေးယူမယ်ပေါ့ အဲဒီလိုတော့ စာပို့ထားတယ်” ဟု ယာဉ်လိုင်းတာဝန်ခံတစ်ဦးက ပြောသည်။

ထိုင်းကုန်ပစ္စည်းများကို တရားမဝင် ကုန်သွယ်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် နယ်စပ်လမ်းကြောင်းမှ တင်သွင်း လာသော ထိုင်းကုန်ပစ္စည်းများ၊ ပွဲရုံ၊ ဂိုဒေါင်၊ စျေးကွက်တို့တွင်သာမက မွန်ပြည်နယ်အတွင်း တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်ရာတွင်လည်း ဖမ်းဆီးနေကြောင်း ထိုင်းကုန်ပစ္စည်းရောင်းချနေသူတို့ထံမှ သိရသည်။

မေလ ၁၉ ရက်က ဘီးလင်းမြို့နှင့် သံဖြူဇရပ်မြို့တို့တွင် ခရီးသည်တင်မှန်လုံယာဉ်ဖြင့် ထိုင်းကုန်ပစ္စည်းများ သယ်ဆောင်ရန် လုပ်ဆောင်နေစဉ် စစ်အာဏာရှင် လက်အောက်ခံအဖွဲ့တို့က ဝင်ရောက် ဖမ်းဆီးခဲ့သေးသည်။

“ညောင်ခါးရှည်ဂိတ်မှာ ထိုင်းပစ္စည်းဆိုရင် ထိုင်းကလာတဲ့ လိ‌မ္မော်သီးကအစ မရဘူး။ ပေးမသယ်ဘူး။ ကိုယ်စားဖို့ သောက်ဖို့ သယ်တာတောင် မရဘူး။ တော်တော်ကို ကျပ်တာ” ဟု မုဒုံ-ရန်ကုန် ယာဉ်လိုင်းပြေးဆွဲနေသူတစ်ဦးက ပြောသည်။

ထိုင်းကုန်ပစ္စည်းများကို တရားမဝင် ကုန်ပစ္စည်းများဖြစ်သည်ဆိုပြီး သယ်ဆောင်ခွင့် မပြုဘဲ ဖမ်းဆီးသောကြောင့် စားသောက်ကုန်များ၊ အသုံးအဆောင်ပစ္စည်းများ စျေးတက်သည့်အပြင် ကုန်ပစ္စည်းအချို့ စျေးကွက်အတွင်း ပြတ်လပ်နေကြောင်း ‌ထိုင်းကုန်ပစ္စည်းရောင်းသူတို့ထံမှ သိရသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှ တင်သွင်းသည့် စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါး၊ အလှကုန်၊ ဆောက်လုပ်ရေးသုံး ကုန်ပစ္စည်းများအပါအဝင် အထွေထွေသုံး ကုန်ပစ္စည်းများကို မွန်ပြည်နယ်မှတစ်ဆင့် ရန်ကုန်၊ မန္တလေးအစရှိသည့် မြို့ကြီးများသို့ တင်ပို့ခြင်းဖြစ်သည်။