ထားဝယ်ခရိုင်တွင် ရော်ဘာ၊ ကွမ်းသီး ဥယျာဉ်ခြံများ၏ တောထွင်ခ (ခြံရှင်းခ) စျေးတက်လာပြီး တစ်ရက်ငှားရမ်းခ ကျပ်ရှစ်သောင်းအထိဖြစ်လာကြောင်း ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ လူနှင့် စက် (စက်သုံးဆီအပါအဝင်) တစ်ရက်ငှားရမ်းခမှာ ကျပ်လေးသောင်းခွဲမှ ငါးသောင်းအထိ စျေးရှိပြီး ရွာအချို့တွင် ကျပ် ခြောက်သောင်းအထိ ပေးရကြောင်း ၎င်းတို့က ဆိုသည်။
ယခုနှစ်တွင် တောထွင်ရှင်းလင်းရန် တစ်ရက်ငှားရမ်းခ ကျပ် ရှစ်သောင်းအထိ ဖြစ်လာကြောင်း ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောဆိုသည်။
“တရက် ရှစ်သောင်းဆိုတာက သူ့စက်နဲ့သူ စက်သုံးဆီပါ အပြီးအစီးပေါ့နော်။ ကိုယ်က စက်သုံးဆီပေးမယ်ဆိုရင် တစ်ရက်ငါးသောင်းပေးရတယ်။ မနှစ်က သူ့စက်နဲ့သူ့ဆီနဲ့ကို တစ်ရက်ခြောက်သောင်းနဲ့ ငှားရတယ်” ဟု ထားဝယ်အရှေ့တောဒေသ ဝကုန်းရွာက ကွမ်းသီးခြံရှင် အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်နှစ်က လက်ဖြင့် (ဓားရှည်ဖြင့်) ခုတ်ထွင်ရှင်းလင်းသည့် နေ့စားအလုပ်ကြမ်းသမားတစ်ဦး၏ တစ်ရက် လုပ်အားခမှာ ကျပ်သုံးသောင်းဖြင့် ငှားရမ်းရသော်လည်း ကျပ် လေးသောင်းဖြစ်လာကြောင်း ၎င်းက ဆိုသည်။
နှစ်ဖက်တိုက်ပွဲ၊ လေကြောင်းတိုက်ခိုက်မှု၊ စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးမှု၊ နေအိမ်မီးရှို့ခံရမှု၊ ဖမ်းဆီးမှု၊ သတ်ဖြတ်မှုများနှင့် မြေမြှုပ်မိုင်းအန္တရာယ်များကြောင့် အလုပ်သမား ခေါ်ယူရခက်ခဲကြောင်း ဥယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်သူများက ပြောဆိုသည်။
ယင်းအပြင် စက်သုံးဆီစျေးမြင့်တက်မှု၊ အထွေထွေကုန်ဈေးနှုန်းမြင့်တက်လာမှုတို့ကြောင့် တောထွင်ခများ စျေးတက်လာခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
“စက်ငှားဖို့ ကိုယ့်အလှည့်ရောက်အောင် စောင့်နေရတာတွေ ရှိတယ်။ မနှစ်ကဆို စက်နဲ့ခုတ်ပေးဖို့ လူမရှိလို့ သူများခြံတွေမှာပြီးရင် နည်းနည်းလောက် လာလုပ်ပေးပါ၊ လာခုတ်ပေးပါဆိုတာမျိုး ပြောရတယ်။ အခုနောက်ပိုင်းလူတွေက ကိုယ့်ခြံမှာခုတ်ပြီးရင် သူများခြံမှာ နေ့စားလိုက်မခုတ်ပေးကြတော့ဘူး။ အဲ့ဒါကြောင့်လည်း တောထွင်တဲ့သူက ရှာရခက်လာတာ” ဟု သရက်ချောင်းမြို့နယ်က ရော်ဘာခြံရှင် အမျိုးသမီးတစ်ဦးက ပြောသည်။
လုပ်ငန်းကျွမ်းကျင်သည့် အမျိုးသား အလုပ်သမား ရှာရခက်လာသလို အလုပ်သမားတောင်းဆိုသည့်ဈေးအတိုင်း ခြံရှင်များမှာ ငှားရမ်းလုပ်ကိုင်နေရကြောင်း ၎င်းတို့က ပြောဆိုသည်။
ငွေကြေးမတတ်နိုင်သူများမှာ တနှစ်ကို တစ်ကြိမ်သာ တောထွင်ကြပြီး ငွေကြေးတတ်နိုင်သူများမှာ ပုံမှန်အတိုင်း တစ်နှစ် နှစ်ကြိမ်ထွင်ကြကြောင်း ဒေသခံများက ပြောသည်။







