ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့နှင့် ကျေးရွာများကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ဒေသခံလေးထောင်ကျော် စစ်ဘေးရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
ဧပြီလ ၂၆ ရက်နေ့တွင် မောတောင်မြို့ အမှတ် (၁) ရွာနှင့် ၂၇ ရက်နေ့တွင် အမှတ် (၉) ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ရွာအတွင်းသို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ လူနေအိမ်များ ထိခိုက်ပျက်စီးကာ ဒေသခံများ တိမ်းရှောင်ကြရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
ဧပြီလ ၂၈ ရက်နေ့တွင် မောတောင်မြို့ အမှတ် (၃) ရွာကို ဗုံးကြဲရာ အမှတ် (၆) ရွာသားနှစ်ဦး သေဆုံးခဲ့ပြီး၊ မေလ ၂ ရက်နေ့တွင် မောတောင်မြို့ကို ထပ်မံကြဲရာ နှစ်လသားအရွယ် ကလေးငယ်အပါအဝင် မိသားစုသုံးဦး ဒဏ်ရာရရှိသွားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“လေကြောင်းကြဲပြီးတာနဲ့ ရှောင်တဲ့သူလည်း ရှောင်တယ်။ ကျန်တဲ့သူတွေက ရွာထဲက အခြေအနေကြည့်ပြီး နေသေးတယ်။ မနေ့က (မေလ ၈) စစ်တပ်က နေကျော်ရွာကို ဗုံးလာကြဲတော့ အကုန်လုံး တိမ်းရှောင်ကုန်ကြပြီ” ဟု အထက်ပါ ဒေသခံက ပြောသည်။
စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မောတောင်မြို့အပါအဝင် အမှတ် (၁) ရွာမှ အမှတ် (၉) ရွာအထိ ဒေသခံစုစုပေါင်း ၄,၅၀၀ ဝန်းကျင် တိမ်းရှောင်နေရကြောင်း ဒေသခံများက ဆိုသည်။
စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် ရွာသားအချို့မှာ ရွာအတွင်း၌ ဗုံးခိုကျင်းများတူး၍ နေထိုင်ကြသလို၊ ဥယျာဉ်ခြံများအတွင်းသို့လည်း သွားရောက်တိမ်းရှောင် နေထိုင်ကြကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။
စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များသည် မေလ ၉ ရက်နေ့ နံနက်ပိုင်းတွင် နေကျော်ရွာ၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။







