မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း စစ်အာဏာရှင်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့်အတွက် တိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
အင်အားရာချီရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းများသည် ဘီးလင်းမြို့နယ်အတွင်းသို့ ဇူလိုင်လ ပထမအပတ်မှစတင်၍ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းများထံမှ သိရသည်။
စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်များသည် ဇူလိုင် ၅ ရက်နေ့က တက်တူးကုန်းကျေးရွာဘက်သို့ ရောက်ရှိလာပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
“စစ်ကြောင်းက တက်တူးကုန်းဘက် ရောက်လာတဲ့အချိန်မှာ တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲ စဖြစ်တယ်။ နှစ်ရက်ဆက်တိုက် ဖြစ်တယ်။ အခုထိလည်း စစ်ကြောင်းက ဝင်လာနေတော့ တိုက်ပွဲက ဆက်ဖြစ်နေတယ်” ဟု သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တပ် စစ်ကြောင်းက တက်တူးကုန်းရွာထဲ ဝင်ရောက်ကာ နေအိမ်များကို မီးရှို့သွားခဲ့ကြောင်းလည်း သိရသည်။
လက်ရှိတွင်လည်း စစ်အာဏာရှင်တပ်များက တက်တူးကုန်းရွာ၊ ကြက်ခြေခတ်ရွာဘက်သို့ အင်အား ထပ်မံဖြည့်တင်းနေကြောင်း သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနေသည့် ဘီးလင်းမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အပြင် စစ်အာဏာရှင်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကို နေ့စဉ်ပြုလုပ်နေကြောင်း ဒေသခံနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ထံမှ သိရသည်။
စစ်အာဏာရှင်တပ်ဘက်က ၎င်းတို့၏ တပ်စခန်းများ မကျဆုံးစေရန် မြေပြင်စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေသလို လေကြောင်း၊ ဒရုန်းနှင့် စက်တပ်လေထီးများကို အသုံးပြု၍ ဗုံးကျဲတိုက်ခိုက်မှုများကိုလည်း နေ့စဉ်နှင့်အမျှ ပြုလုပ်နေသည်။
တိုက်ပွဲနှင့် စစ်အာဏာရှင်တပ်၏ တိုက်ခိုက်မှုများကြောင့် ဘီးလင်းမြို့နယ်အတွင်းရှိ အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိနေသည့်အပြင် ဒေသခံပြည်သူ သောင်းနှင့်ချီ၍လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။







