တနင်္သာရီမြို့နယ်၊ မော်တုန်းရွာ (အရှေ့ကမ်း) သို့ စစ်အာဏာရှင်တပ် စစ်ကြောင်းပြန်ဝင်လာပြီးနောက် ရွာသားများကို ရွာပြင်သို့ ထွက်ခွာခွင့် ပိတ်လိုက်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့ထံမှ သိရသည်။
ဇူလိုင် ၆ ရက်နေ့ ည ၇ နာရီတွင် မော်တုန်းရွာ (အရှေ့ကမ်း) သို့ အမှတ် (၃၀၆) အမြောက်တပ်မှ တပ်သားများ စစ်ကြောင်းပြန်ဝင်လာခဲ့ပြီး ယနေ့(ဇူလိုင် ၈) အထိ စစ်ကြောင်းရှိနေဆဲဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ရွာထဲကို ဝင်လိုက်ထွက်လိုက် လုပ်နေတယ်။ အင်အားလည်း ၆၀ လောက် (ဇူလိုင် ၇ ရက်နေ့က) နောက်ထပ် ထပ်ဖြည့်ထားတယ်။ လမ်းမကြီးမှာလည်း အင်အားများနေတယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။
စစ်အာဏာရှင်တပ်သားများသည် ဇူလိုင်လ ၇ ရက်နေ့မှစ၍ မော်တုန်းရွာ (အရှေ့ကမ်း) မှ အလုပ်သွားမည့် ရွာသားများ၏ လှေများ၊ ဆိုင်ကယ်များကို သွားခွင့်ပိတ်ထားပြီး ဈေးဝယ်ယူ၍လည်း မရတော့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“သူတို့မျက်စိရှေ့က ဘယ်သူမှ ဖြတ်သန်းခွင့် မပေးဘူး။ ရွာထဲမှာပဲ ပိတ်ထားတယ်။ ဒီနေ့လည်း ပေးမထွက်သေးဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။
အမှတ် (၃၀၆) အမြောက်တပ်သည် မော်တုန်းရွာ (အရှေ့ကမ်း) တွင် အခြေစိုက်ထားပြီး တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိကာ ရွာနှင့် ၂ မိုင်ခန့်အကွာတွင် ရှိသည်။ လက်ရှိတွင် စစ်အာဏာရှင်တပ်က မော်တုန်းရွာ (အရှေ့ကမ်း) ကို ထိန်းချုပ်ထားပြီး တော်လှန်ရေးတပ်ဖွဲ့များက မော်တုန်းရွာ (အနောက်ကမ်း) ကို ထိန်းချုပ်ထားသည်။
စစ်အာဏာရှင်တပ်သားများသည် ဇူလိုင်လ ၂ ရက်နေ့တွင် စစ်ကြောင်းဝင်လာပြီး လူဖမ်းဆီးခြင်းနှင့် ညမထွက်ရ အမိန့်ထုတ်ခြင်းများ ပြုလုပ်ခဲ့၍ ဇူလိုင် ၅ ရက်နေ့တွင် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း၊ ဇူလိုင် ၆ ရက်နေ့ညတွင် ပြန်လည်ဝင်ရောက်လာစဉ် ရွာသားအချို့မှ တိမ်းရှောင်နိုင်ခဲ့ကြကြောင်း ဒေသခံများက ဆိုသည်။







