လောင်းလုံးမြို့၏ မြောက်ပိုင်း စခန်းကြီးကျေးရွာအုပ်စုကို စစ်အာဏာရှင်တပ်က ယနေ့ နံနက်ပိုင်းကစပြီး လက်နက်ကြီးဖြင့်ပစ်ခတ်ကာ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများက ပြောသည်။
လောင်းလုံးမြို့နယ်အခြေစိုက် ခလရ-၁၀၄ တပ်ရင်းဘက်က အင်အားများစွာဖြင့် စစ်ကြောင်းထိုးနေခြင်း ဖြစ်ကြောင်း လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။
“အခုစခန်းကြီးဘက် သွားတာ အင်အားများတယ်။ အင်းအား ၁၇၀ လောက်ရှိတယ်။ ကမြောကြီးမှာ တပ်စွဲ ပြီးသွားတဲ့အဖွဲ့တွေ” ဟု ၎င်းက ပြောဆိုသည်။
အဆိုပါစစ်အာဏာရှင်တပ်သည် ယနေ့ နေ့လယ်ပိုင်းတွင် စခန်းကြီးကျေးအုပ်စု၊ ဖွားဘုတ်ပြင်ကျေးရွာဘက် ရောက်ရှိနေသောကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံ စစ်ဘေးရှောင် အမျိုးသမီးကြီးတစ်ဦးက ဆိုသည်။
“ဒီမနက်ကပဲ မြေတင်ကား နှစ်စီးစာ စစ်ကြောင်းက မောင်းမကန်ဘက် သွားမလိုလိုနဲ့ ရွာဘက်ကို စစ်ကြောင်းထိုးလာလို့ ထွက်ပြေးလာကြတယ်” ဟု ၎င်းက ပြောသည်။
စစ်ကြောင်းသည် လောင်းလုံးမြို့နယ်အတွင်းရှိ စခန်းကြီးကျေးရွာအုပ်စုဘက်မှ မြို့ဟောင်းကျေးရွာအုပ်စုရှိ ဆင်ပုနစ်၊ ဒေါင်းရှောင်ရွာဘက်သို့လည်း ဆက်လက်ရောက်ရှိလာနိုင်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။
ထို့ကြောင့် မြို့ ဟောင်းကျေးရွာအုပ်စုရှိ ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေကြသလို့ အချို့မှာ အခြေအနေ စောင့်ကြည့်နေကြဆဲဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
စစ်အာဏာရှင်တပ်သည် ဇွန်လ ၁ ရက်ကလည်း စစ်အာဏာရှင်တပ် စစ်ကြောင်းတစ်ကြောင်းမှာ စခန်းကြီးကျေးရွာအုပ်စုဘက်သို့စစ်ကြောင်းထိုးခဲ့သေးသည်။
ယင်းစစ်ကြောင်းမှာ ရက်ပိုင်းအတွင်း ပြန်ထွက်သွားခဲ့ပြီး ယနေ့ အင်အားဖြည့်၍ စခန်းကြီးကျေးရွာအုပ်စု ဘက်သို့ ထပ်မံစစ်ကြောင်းထိုးလာကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အာဏာရှင်တပ်သည် လောင်းလုံးမြို့နယ် တောင်ပိုင်း ကျေးရွာများကို မေလ ၂၀ ရက်မှ စတင်ကာ စစ်ကြောင်းထိုး နေသည်။
စစ်ကြောင်းထိုးသဖြင့် လောင်းလုံးမြို့နယ်တွင် မေလနှောင်းပိုင်းကစပြီး စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲ ခုနစ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
မြို့နယ်အတွင်းကျေးရွာ တစ်ဆယ်ကျော်မှ ဒေသခံ ထောင်နှင့်ချီ လယ်ယာ၊ ဥယျာဉ်၊ မွေးမြူရေးလုပ်ငန်းနှင့် ကိုယ်ပိုင်လုပ်ငန်းများကို စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရသည်။
လောင်းလုံးမြို့နယ်အတွင်း ယနေ့ ဇွန်လ ၈ ရက် နေ့အထိ တပ်ဖြန့်ထားသည့် စစ်အာဏာရှင်တပ်မှာ အင်အား သုံးရာခန့် ရှိ ကြောင်း လောင်းလုံးမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ထံမှသိရသည်။







