ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံးတွင် တော်လှန်ရေးရဲဘော်အချို့ ကျောင်းကားများကို စစ်ဆေးနေချိန် စစ်အာဏာရှင်တပ် လက်နက်ကြီးပစ်ခတ်

June 8, 2026

ပုံစာ - လောင်းလုံးမြို့နယ်အတွင်းရှိ စာသင်ကျောင်း (ပုံဟောင်း)ဓာတ်ပုံ - Dawei Watch

လောင်းလုံးမြို့နယ်ရှိ လမ်းပိုင်းတစ်နေရာတွင် တော်လှန်ရေးရဲဘော်အချို့ ယနေ့ ဇွန်လ ၈ရက် နံနက်ပိုင်းက ကျောင်းပို့သည့် ကားများကို စစ်ဆေးနေချိန် စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ဒေသခံခရီးသွားများနှင့် တော်လှန်ရေးအင်အားစု များက ပြောသည်။

လောင်းလုံးမြို့နယ်ဘက်မှ ထားဝယ်မြို့ပေါ် ရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်မည့် ကျောင်းသူ ကျောင်းသား များကို တင်ဆောင်လာသည့် မော်တော်ယာဉ်များကို တော်လှန်ရေးရဲဘော်အချို့ က လောင်းလုံး-ထားဝယ် လမ်းပိုင်း တစ်နေရာတွင် စစ်ဆေးကြောင်း ဒေသခံများနှင့် ကျောင်းသားမိဘများက ဆိုသည်။

ယင်းသို့ စစ်ဆေးနေချိန် စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

“တော်လှန်ရေးဘော်တချို့ စစ်ဆေးနေချိန်မှာ လက်နက်ကြီးတစ်လုံး လာကျတယ်လို့တော့ မနက်က ကြားရတယ်။ ဒီနေ့ စစ်ဆေးရာမှာတော့ ပကဖ ရဲဘော်တွေ မပါဘူး” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာရေးတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လောင်းလုံးမြို့နယ် သဲပုံကျေးရွာရှိ သဲပုံတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် ခဲ့ ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

ကျောင်းကားများကို စစ်ဆေးနေသည့် နေရာနှင့် အနီးဝန်းကျင်ရှိ ဥယျာဉ်ခြံအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ကာ အသက် ၆၀ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ကျည်စထိမှန် ဒဏ်ရာရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“ခြံလုပ်နေတဲ့ အမျိုးသားတစ်ဦး ခြေထောက်ထိသွားတယ်” ဟု ၎င်းက ပြောဆိုသည်။

ဇွန်လ ၄ရက် ညနေပိုင်းကလည်း ထားဝယ်-လောင်းလုံး လမ်းပိုင်းတစ်နေရာတွင် ကျောင်းကားများကို တော်လှန်ရေး ရဲဘော်အချို့ တားဆီးစစ်ဆေးခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နာရီဝက်နီးပါးကြာ နှစ်ဘက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

လောင်းလုံးမြို့နယ်အတွင်း ဖြစ်ပေါ်နေသော တိုက်ပွဲများတွင် စစ်အာဏာရှင်တပ်က အရပ်သားများကို လူသားဒိုင်းသဖွယ် ဖမ်းဆီးအသုံးပြုနေသလို ကျောင်းကြိုယာဉ်များကို အကာအကွယ် ယူသွားလာ လှုပ်ရှားလာကြောင်း တနင်္သာရီတိုင်း စစ်နည်းဗျူဟာ (၃၃) ထားဝယ်ခရိုင် အမှတ် ၈၀၀၃ တပ်ရင်းက မေလ ၆ရက်တွင် ထုတ်ပြန်သည်။

တော်လှန်ရေးတပ်ဖွဲ့များကလည်း စစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့် ဖော်ဆောင်မည်ဖြစ်ကြောင်း ဖော်ပြသည်။

ထို့ကြောင့် ထားဝယ်မြို့ပေါ်တွင် ကျောင်းအပ်နှံထားသော မိဘများအနေဖြင့် ကလေးငယ်များ လုံခြုံရေးကိုရှေ့ရှု၍ ထား၀ယ်မြို့နယ်တွင် ပြောင်းရွှေ့နေထိုင်ပေးကြရန် အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအပြင် တော်လှန်ရေးအင်အားစုအချို့နှင့် ဒီမိုကရေစီအရေး၊ ပညာရေးလှုပ်ရှားသည့်အဖွဲ့အချို့ကမူ ကလေးများ၏ ပညာသင်ကြားခွင့်အား ထိပါးနှောင့်ယှက်ဟန့်တားမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ကြေညာချက် ထုတ်ပြန်ထားကြသည်။

ကျောင်းသားမိဘများကလည်း သားသမီးများကို ကျောင်းထားနိုင်ရေးအတွက် ထားဝယ်မြို့နယ်သို့ ပြောင်းရွှေ့နေထိုင်ရန်မှာ အခက်အခဲများစွာရှိကြောင်း ပြောဆိုကြသည်။