ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေးလမ်းပိုင်းတွင် ဖမ်းဆီးခံရသည့် ထွေအုပ်ဝန်ထမ်းများ ပြန်မလွတ်သေး

May 8, 2026

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သံဖြူဇရပ် – ရေးကားလမ်းပိုင်းတွင် ဖမ်းဆီးခံရသည့် ရေးခရိုင်အထွေထွေအုပ်ချုပ်ရေးဌာနက ဝန်ထမ်းသုံးဦး ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း နီးစပ်သူများထံမှ သိရသည်။

သံဖြူဇရပ် – ရေးကားလမ်းပိုင်းရှိ လိမ္မော်ခြံကျေးရွာအနီးတွင် ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်က ရုံးစာရေးကြီး ဒေါ်တင်ဝင်းအပါအဝင် ဝန်ထမ်းသုံးဦးကိုလက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

“ဖမ်းသွားတဲ့နေ့ကတည်းက ဘာအဆက်အသွယ်မှလည်း မရဘူး။ မိသားစုတွေကတော့ အတော်စိတ်ပူနေကြတာပေါ့” ဟု ရေးထွေအုပ်ရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါဝန်ထမ်းများကိစ္စနှင့် ပတ်သက်ပြီး ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့အချို့ကို ဆက်သွယ် မေးမြန်းကြည့်ရာ အချို့က အဆိုပါအကြောင်းအရာကို မသိရှိဟု အကြောင်းပြန်သလို အချို့ကမူ တစ်စုံတရာ အကြောင်းပြန်ခြင်း မရှိသေးပေ။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်ကလည်း သံဖြူဇရပ် – ရေးကားလမ်းပိုင်း နှစ်ကရင်ကျေးရွာလမ်းဝအနီးတွင် ခေါဇာမြို့ စိုက်ပျိုးရေး တာဝန်ခံ ဦးကျော်သူကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သေးသည်။

စိုက်ပျိုးရေးတာဝန်ခံ ဦးကျော်သူမှာမူ ဖမ်းဆီးခံရပြီး သုံးရက်အကြာ ဧပြီလ ၂၇ ရက်တွင် ပြန်လည် လွတ်မြောက် လာခဲ့သည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထိန်းချုပ်ထားသည့် ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတွင်
ဝန်ထမ်းများ မကြာခဏ ဖမ်းဆီးခံရလေ့ရှိပြီး တော်လှန်ရေးတပ်ဖွဲ့တို့က ခံဝန်ဖြင့် ပြန်လွှတ်လေ့ရှိသည်။