ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်အရှေ့တော ပျားသားချောင်းရွာအနီး မြေမြှုမိုင်းနင်းမိပြီး ဒေသခံတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရ

May 8, 2026

ထားဝယ်အရှေ့တောဒေသ ပျားသားချောင်းကျေးရွာအနီးတွင် မြေမြှုပ်မိုင်းနင်းမိပြီး ဒေသခံအမျိုးသားတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။

မေလ ၅ ရက်တွင် ပျားသားချောင်းရွာနှင့် သမီးပေါ်သောကျေးရွာ (ဟင်းကပီရွာ) ကြားတွင် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

မိုင်းနင်းမိပြီး အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦး သေဆုံးကာ ၄၅ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦး ခြေထောက်နှင့် လက်တို့တွင် ထိခိုက်ဒဏ်ရာရကြောင်း ၎င်းတို့က ပြောဆိုသည်။

“လူသွားလမ်းဘေးမှာပဲ ထိတာလို့ပြောတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မြေမြှုပ်မိုင်းကို မည်သည့်အဖွဲ့က ထောင်ထားသည်ကိုမူ အတည်မပြုနိုင်သေးပေ။

မိုင်းနင်းမိသည့်နေရာသည် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄) ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကော်သူးလေတပ်မတော် KTLA တို့ ပဋိပက္ခဖြစ်ပွားသည့် နယ်မြေလည်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မြေမြှုမိုင်းနင်းမိသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားကို Dawei Watch က ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

မေလ ၂ ရက်ကလည်း ထားဝယ်အရှေ့တော၊ သင်္ကန်းတုံးကျေးရွာတွင် အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦး နေအိမ်ခြံဝင်းအတွင်း သစ်ပင်ခုတ်လှဲစဉ် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့သေးသည်။