လောင်းလုံးမြို့မှ စမ်းလှမ်းကျေးရွာသို့သွားသည့်လမ်းပိုင်း လတ်ခတ်တောင်တာဝါတိုင်ကုန်းတွင်တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ဖွဲ့ စခန်းမှ ထွက်လာစဉ် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် ဒူရကစစ်ကြောင်းက သတင်းထုတ်ပြန်သည်။
မေလ ၆ ရက် နံနက်ပိုင်းတွင် လတ်ခတ်တောင်တာဝါတိုင်ကုန်းမှ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ စမ်းလှမ်းရွာသို့ ဆင်းလာစဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်အာဏာရှင်တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကာ MA3 အမျိုးအစား သေနတ်တစ်လက်နှင့် ကျည်ဘောက်လေးခု၊ ကျည်အတောင့် ၁၀၀ ကိုလည်း တော်လှန်ရေးဘက်က သိမ်းဆည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
စစ်အာဏာရှင်တပ်စစ်ကြောင်း ဆင်းလာချိန် တော်လှန်ရေးတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုများ အဆက်မပြတ်ထွက်ပေါ်ခဲ့ကြောင်း စမ်းလှမ်းဒေသခံတစ်ဦးက ပြောသည်။
လောင်းလုံးမြို့ထဲရှိ စစ်အာဏာရှင်တပ်သည် မြို့အရှေ့ဖက်ခြမ်း လေးမိုင်ခန့်အကွာ ဝေဒီကျေးရွာသို့ အင်အား တစ်ရာကျော် ဖြင့် စစ်ကြောင်းထိုးနေချိန် မြို့အနောက်ဘက်ခြမ်း သုံးမိုင်ခန့်အကွာတွင်ရှိသည့် လတ်ခတ်တောင် တာဝါတိုင်စခန်းက စစ်အာဏာရှင်တပ်ဖွဲ့ကို တော်လှန်ရေးတပ်က တိုက်ခိုက်ခြင်းဖြစ်သည်။
လက်ခတ်တောင်ပေါ်ရှိ စစ်အာဏာရှင်တပ်သည် သင်္ကြန်ကာလအတွင်း စမ်းလှမ်းကျေးရွာသို့ ဆင်းလာပြီး ရွာအတွင်းရှိ ဆိုင်များတွင် အရက်၊ ဘီယာနှင့် စားသောက်ဖွယ်ရာများကို ငွေကြေးပေးခြင်းမရှိဘဲ မကြာခဏ လာရောက်ယူဆောင်သွားလေ့ရှိကြောင်း ဒေသခံများက ဆိုသည်။
“သင်္ကြန်ကျတဲ့အချိန်မှာ လတ်ခတ်တောင်ကနေဆင်းလာပြီးတော့ ဆိုင်တွေထဲမှာ သူတို့လိုချင်တာတွေ ယူယူသွားတယ်။ ပိုက်ဆံလည်း မပေးဘူး။ အဲဒီကတည်းက ကျွန်တော်တို့က သိနေတယ်။ တစ်နေ့နေ့တော့ ရွာမှာ တိုက်ပွဲဖြစ်တော့မယ်လို့။ အခုတော့ ထင်တဲ့အတိုင်းပဲ” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
စမ်းလှမ်းကျေးရွာသည် ရေလုပ်ငန်းလုပ်ကိုင်သည့် ကျေးရွာဖြစ်ပြီး လောင်းလုံးမြို့မှ အနောက်ဘက် လေးမိုင်ကျော် အကွာတွင် တည်ရှိသည်။ စမ်းလှမ်းရွာနှင့် လောင်းလုံးမြို့ကြားရှိ လတ်ခတ်တောင်တွင် စစ်အာဏာရှင်တပ်က အခိုင်အမာ တပ်စွဲထားသည်။
ဝေဒီကျေးရွာသို့ စစ်ကြောင်းထိုးသွားသည့် စစ်အာဏာရှင်တပ်နှင့် လောင်းလုံးမြို့မရဲစခန်းကိုမူ ကျောင်းသား တော်လှန်ရေးတပ်နှင့် သံမဏိလိပ်ပြာတပ်တို့က မေလ ၆ရက်တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သည်။
ဝေဒီကျေးရွာသို့ စစ်ကြောင်းထိုးသွားသည့် စစ်အာဏာရှင်တပ်သည် အမျိုးသားတစ်ဦးကို ပစ်သတ်ပြီး အခြားဒေသခံ များကိုလည်း ဖမ်းဆီးခေါ်ဆောင်ကာ လောင်းလုံးမြို့ထဲသို့ မေလ ၇ ရက်တွင် ပြန်ဆုတ်သွားခဲ့ကြောင်း မြို့ခံတို့က ပြောသည်။
ယင်းအပြင် ဝေဒီကျေးရွာရှိ ထားဝယ်မြစ်ကမ်းနံဘေးတွင်ရှိသော မော်တော်ကားတစ်စီးနှင့် အဆောက်အအုံတစ်ခုကို မီးရှို့ဖျက်ဆီးကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ပုံစာ – လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းမှ စမ်းလှမ်းကျေးရွာသို့လာသည့် စစ်အာဏာရှင်တပ်သားးများကို ဒူရကစစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်စဉ်။







