ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်-ကော့သောင်း အမြန်ရေယာဉ်ဖြင့်သွားလာသူများ လမ်းကြောင်းရှင်းခ ကျပ်တစ်သိန်းခွဲဈေးပေါက်

May 8, 2026

အမြန်ရေယာဉ်ဖြင့် မြိတ်မြို့မှ ကော့သောင်းမြို့သို့ လိုက်လာသည့် ခရီးသည်များကို လမ်းကြောင်းရှင်းခအဖြစ် တစ်ဦးလျှင် ငွေကျပ်တစ်သိန်းခွဲ ပေးနေရကြောင်း ကိုယ်တိုင်ကြုံခဲ့ရသည့် ခရီးသွားဒေသခံအချို့ထံမှ သိရသည်။

အမြန်ရေယာဉ်ဖြင့် လိုက်ပါလာပြီး ထိုင်းနိုင်ငံသို့ ဆက်သွားမည့်သူများကို ကော့သောင်းမြို့ ဘုရင့်နောင်ကုန်းအနီး ဘောတံတားရှိ စစ်အာဏာရှင်တပ် လက်အောက်ခံရဲတပ်ဖွဲ့ဝင်များက တောင်းယူနေခြင်းဖြစ်ကြောင်း ယခုတစ်ပတ်အတွင်း မြိတ်မှ ကော့သောင်းသို့သွားသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

မြိတ်မြို့မှ ကော့သောင်းမြို့သို့သွားရာတွင် သူဌေးကျွန်းအရှေ့ရှိ စစ်အာဏာရှင်ရေတပ်စစ်သင်္ဘောတွင် ဝင်ရောက် စစ်ဆေး ခံရပြီးနောက် ကော့သောင်း ဘောတံတားသို့ ဆိုက်ကပ်ချိန်တွင် ခရီးသွားအားလုံး၏ မှတ်ပုံတင်တောင်းယူ စစ်ဆေး လေ့ရှိသည်။

“ထိုင်းကို ဝင်မယ့်သူဆို သူတို့က သိနေတယ်။ (ကျပ်) တစ်သိန်းခွဲပေးပဲ။ ‘ငါသိနေတယ်နော်’ ဆိုပြီး ရဲကပြောတယ်” ဟု အထက်ပါ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် စစ်အာဏာရှင်တပ်နှင့် နီးစပ်သည့်ပွဲစားများဖြင့် ကြိုတင်ချိတ်ဆက်ကာ လမ်းကြောင်းရှင်းခ ပေးနေသူများ ကိုလည်း တွေ့ရကြောင်း ၎င်းက ဆိုသည်။

“အမြန်ယာဉ်ပေါ်မှာ ငွေကို ပေါ်တင်ပဲ ထိုင်ရေတွက်နေတာ။ လမ်းကြောင်းကြေးအတွက် တစ်သိန်းခွဲပေးရမယ်လို့ ပြောထားပြီးသားတဲ့။ သူ့အမည်ခေါ်လိုက်တော့ (မှတ်ပုံတင်ကို) သူတောင် သွားမယူဘူး။ လမ်းကြောင်းရှင်းပေးတဲ့လူက ဝင်ယူပေးတယ်” ဟု အထက်ပါအမျိုးသမီးက ပြောဆိုသည်။

ကော့သောင်းမှတ်ပုံတင် ကိုင်ဆောင်ထားသူများသည်လည်း မည်သည့်ရပ်ကွက်တွင် နေထိုင်ကြောင်း တိတိကျကျ ပြောပြရပြီး တစ်ခါတစ်ရံ မိသားစုဝင် သို့မဟုတ် ဆွေမျိုးတော်စပ်သူကို လာခေါ်ခိုင်းလေ့ရှိကြောင်း ၎င်းက ဆိုသည်။

ကော့သောင်းမြို့မှ မြိတ်မြို့သို့သွားရာတွင်လည်း လမ်းကြောင်းရှင်းခ ပေးထားပါက မှတ်ပုံတင်မလိုအပ်ဘဲ အမည်စာရင်း ပေးထားရုံဖြင့် အမြန်ရေယာဉ်လက်မှတ်ဖြတ်ကာ သွားလာခွင့်ရနေကြောင်း ခရီးသွားအချို့က ပြောဆိုသည်။

သို့သော် ထိုင်းနိုင်ငံအတွင်းနေထိုင်ကြောင်း အထောက်အထားများဖြစ်သည့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) နှင့် နယ်စပ်ဖြတ်ကျော် လက်မှတ်ကိုင်ဆောင်ထားသူများကိုမူ ငွေကြေးတောင်းခံခြင်း မရှိကြောင်း အထက်ပါ အမျိုးသမီးက ပြောသည်။

NUG ၏ စစ်ဒေသခွဲအမှတ် ၃ (မွန်၊ကရင်၊တနင်္သာရီ) စစ်ဆင်ရေးမှူးနှင့် စစ်ဒေသခွဲမှူး တာဝန်ထမ်းဆောင်ခဲ့သည့် ဦးဥက္ကာမင်းကလည်း ကော့သောင်းမြို့မှ မြိတ်နှင့် ထားဝယ်သို့ အမြန်ရေယာဉ်ဖြင့်သွားမည့် ခရီးသည်တစ်ဦးကို ငွေကျပ် နှစ်သိန်း တောင်းခံနေသည်ဟု သိရကြောင်း ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

မြိတ်-ကော့သောင်း ခရီးစဉ်အတွက် အမြန်ရေယာဉ်ဈေးနှုန်းမှာ ခရီးသည်တစ်ဦးလျှင် သုံးသိန်းခွဲကျပ် ကုန်ကျသည်။

ထိုလမ်းခရီးကို ကုန်းလမ်းမှ ကားဖြင့်သွားပါက လမ်းပိုင်းတွင် စစ်ဆေးရေးဂိတ်များပြားပြီး ငွေညှစ်လေ့ရှိခြင်း၊ တိုက်ပွဲများကြောင့် လမ်းခရီးပိတ်ဆို့မှုများဖြစ်ခြင်းတို့ကြောင့် အမြန်ရေယာဉ်များဖြင့် သွားလာနေကြသည်။