ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကန်နှင့် အီရန် အပစ်ရပ်သဘောတူညီချက် ကျိုးပေါက်မည့်အရေး စိုးရိမ်မှုပိုမြင့်တက်

May 8, 2026

Photo: US-Iran ceasefire under threat after exchange of strikes in strait of Hormuz | US-Israel war on Iran | The Guardian

အမေရိကန်နှင့် အီရန်အကြား မေလ ၇ ရက်က အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ ယင်းမှာ အပစ်ရပ် သဘောတူညီချက်အပေါ် အပြင်းထန်ဆုံး စိန်ခေါ်မှုဖြစ်ကြောင်း The Guardian သတင်းစာက ဖော်ပြသည်။

အမေရိကန်သည် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောနှစ်စင်းနှင့် အရပ်ဘက်နယ်မြေများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်ခဲ့သည်ဟု အီရန်ဘက်က စွပ်စွဲထားသည်။

အမေရိကန်ဘက်ကမူ ၎င်းတို့ကို အီရန်ဘက်က တိုက်ခိုက်ခြင်းကြောင့် လက်တုံ့ပြန်တိုက်ခိုက်ခြင်းသာ ဖြစ်ကြောင်း ဆိုသည်။

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာနေသည့် အမေရိကန်စစ်သင်္ဘောသုံးစင်းကို အီရန်ဘက်က တိုက်ခိုက်ခဲ့၍ ပြန်လည်ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းမှာ အီရန်ဘက်က အကြောင်းမဲ့ ရန်စမှုသာ ဖြစ်ကြောင်း အမေရိကန်စစ်တပ်က ဆိုသည်။

နာရီပေါင်းများစွာ ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် ဟော်မုဇ်ရေလက်ကြားအနီးရှိ အီရန်ပိုင်ကျွန်းများနှင့် ကမ်းရိုးတန်းမြို့များ၏ အခြေအနေမှာ လက်ရှိတွင် ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီဖြစ်ကြောင်း အီရန်အစိုးရပိုင် Press TV က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ အပြန်အလှန်ပစ်ခတ်မှုများကြောင့် အမေရိကန်နှင့် အီရန်အကြား အပစ်ရပ်သဘောတူညီချက် ကျိုးပေါက်မည့်အရေး စိုးရိမ်မှုများ ပိုမိုမြင့်တက်လာခဲ့သည်။

သို့ရာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယခုတိုက်ခိုက်မှုများကို အချစ်စမ်းခြင်းသာ ဖြစ်သည်ဟု ABC News နှင့် အင်တာဗျူးတွင် တင်စားပြောဆိုခဲ့ပြီး အပစ်ရပ်သဘောတူညီချက်မှာ ပျက်ပြားခြင်း မရှိသေးကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။

အီရန်စစ်ပွဲ အဆုံးသတ်နိုင်ရေး အမေရိကန်နှင့် အီရန်အကြား ယာယီသဘောတူညီချက်ရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း ပါကစ္စတန်အရာရှိများက ကြာသပတေးနေ့တွင် ပြောကြားခဲ့ပြီး နာရီပိုင်းအကြာတွင် အဆိုပါ အပြန်အလှန် တကျော့ပြန် တိုက်ခိုက်မှုများ ပြန်လည်ပေါ်ပေါက်လာခြင်း ဖြစ်သည်။