တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ စစ်အာဏာရှင်တပ်က တပ်သားနှစ်ဦး လက်နက်နှင့်အတူ ဘက်ပြောင်း ခိုလှုံလာကြောင်း မြိတ်ခရိုင်တပ်ရင်း ၃ ၏ ထုတ်ပြန်ချက်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ညောင်ပင်ကွင်းရွာအခြေစိုက် စစ်အာဏာရှင်အမှတ် ၅၆၁ ခြေမြန်တပ်ရင်းက တပ်သားနှစ်ဦးသည် မေလ ၆ရက် နံနက်၉နာရီတွင် မြိတ်ခရိုင်တပ်ရင်း ၃ နှင့် မြိတ်ခရိုင်တပ်ရင်း ၂ တို့ထံသို့ ဘက်ပြောင်းလာခြင်းဖြစ်ကြောင်း မြိတ်ခရိုင်တပ်ရင်း ၃ က ထုတ်ပြန်ထားသည်။
အဆိုပါတပ်သားနှစ်ဦးတွင် MA-1 နှစ်လက်၊ ကျည်ဘောက် ၇ဘောက်နှင့် ၅.၅၆ ကျည် ၂၄၄ တောင့် ယူဆောင်လာကြောင်း ဖော်ပြသည်။
စစ်အာဏာရှင်တပ်ရင်းက ထွက်ပြေးလာပြီး ရှေ့တန်းတစ်နေရာရှိ တော်လှန်ရေးတပ်များထံ ခိုလှုံခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း ၃ မှ ရဲဘော်တစ်ဦးက ဆိုသည်။
“ထွက်ပြေးလာတာက (ခမရ ၅၆၁) တပ်ရင်းကနေပဲ။ အရပ်ဝတ်တွေနဲ့ ရောက်လာတယ်” ဟု ၎င်းက ပြောသည်။
တော်လှန်ရေးကာလတွင် ခမရ ၅၆၁ တပ်ရင်းမှတစ်ဆင့် ဘက်ပြောင်းခိုလှုံလာသူ အရာရှိအပါအဝင် တပ်ဖွဲ့ဝင် ၂၀ ကျော်ရှိလာပြီဖြစ်ကြောင်း မြိတ်ခရိုင်တပ်ရင်း ၃ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။






