ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မောတောင်လမ်း သဲဖြူရွာတွင် တိုက်ပွဲ နှစ်ပတ်ကျော်ကြာဖြစ်

May 7, 2026

တနင်္သာရီ-မောတောင်လမ်းပိုင်းရှိ သဲဖြူရွာတွင် စစ်အာဏာရှင်တပ်သားများစစ်ကူအင်အားဖြည့်ပြီး စစ်ကြောင်း ထိုးလာပြီးနောက် တိုက်ပွဲ နှစ်ပတ်ကျော်ကြာ ဖြစ်ပွားနေကြောင်း တော်လှန်ရေးတပ်များထံမှ သိရသည်။

စစ်အာဏာရှင်တပ်က စစ်အင်အားများဖြည့်တင်းပြီး စစ်ကြောင်းထိုးသဖြင့် ဧပြီလ ၂၁ရက်မှစ၍ မေလ ၆ရက် ညအထိ နှစ်ဖက်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ်သည် နှစ်ပတ်အတွင်း စစ်ကူအင်အား ငါးကြိမ် ဖြည့်ခဲ့ပြီး လေကြောင်းဖြင့်လည်း လေးကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“တိုက်ပွဲက နေ့ရော ညရောဖြစ်တဲ့ အချိန်ရှိတယ်။ စစ်ကူအင်အားက အလုံးအရင်းတက်နေတယ်။ တစ်ရက်မှာ အနည်းဆုံး နှစ်ကြိမ်လောက်တော့ (တိုက်ပွဲ) ဖြစ်တယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောဆိုသည်။

စစ်အာဏာရှင်တပ်က မြိတ်မြို့က ဧပြီလ ၂၁ရက်တွင် ကားလေးစီး၊ ၂၄ရက်တွင် ကား ၁၂စီး၊ ၃၀ရက်တွင် တစ်စီး၊ မေလ ၁ရက်တွင် ကား ၁၂ စီး၊ မေလ ၄ရက်တွင် ကား ၁၅ စီးတို့ဖြင့် တနင်္သာရီမြို့သို့ စစ်ကူအင်အား ပို့ဆောင်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

တနင်္သာရီမြို့မှတစ်ဆင့် တနင်္သာရီ-မောတောင် လမ်းပိုင်းရှိ ဘန်လောရွာနှင့် သဲဖြူရွာတို့ကို စစ်ကူအင်အား ပို့ဆောင်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်မှုတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ကျေးရွာများကိုလည်း ဗုံးကြဲခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အခြားတစ်ဦးက ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့်နေရာများကို ဗုံးကြဲတိုက်ခိုက်မှုတွင် အရပ်သားနှစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။

“သူတို့က လက်နက်ကြီးကို တစ်ရက်တစ်လေကျရင် မိုးရွာသလိုပစ်တယ်။ လေကြောင်းလည်း နှစ်စီးတက်ခါတက်၊ သုံးစီးတက်ခါတက်၊ အချို့ရက်တွေက မကြဲဘဲ အကြာကြီး လာဝဲနေတယ်။ သူတို့ဘက်က အသေများတယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။

တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်နှင့် ‌တော်လှန်ရေးတပ်များ နှစ်ဖက်စလုံး ထိခိုက်သေဆုံးမှုရှိသော်လည်း အသေးစိတ် မသိရသေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောဆိုသည်။

သဲဖြူရွာတွင်ရှိသည့် စစ်အာဏာရှင်တပ်သည် မေလ ၆ရက်ညတွင် လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။