ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဝေဒီရွာတွင် စစ်အာဏာရှင်တပ် အမျိုးသားတစ်ဦးကို ပစ်သတ်ပြီး တစ်ဦးကိုဖမ်းခေါ်

May 7, 2026

လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာသို့ စစ်ကြောင်းထိုး ရောက်ရှိနေသည့် စစ်အာဏာရှင်တပ်သည် အမျိုးသားတစ်ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး အမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

အင်အားတစ်ရာဝန်းကျင်ခန့်ရှိသည် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် မေလ ၆ရက် နံနက် အစောပိုင်းကစပြီး ဝေဒီကျေးရွာသို့ သေနတ်ပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်။

ယင်းနောက် ဝေဒီကျေးရွာရှိ ထားဝယ်မြစ်ကမ်းနံဘေးတွင်ရှိသော မော်တော်ကားတစ်စီးနှင့် အဆောက်အအုံတစ်ခုကို မီးရှို့ဖျက်ဆီးကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယင်းအပြင် အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး လူငယ်အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးခေါ် ဆောင်သွားကြောင်း ၎င်းက ဆိုသည်။

“အလောင်းကို ဒီမနက်ပဲ မီးရှို့ခဲ့တာ။ (အသတ်ခံရသူက) ရွာသားတော့ မဟုတ်ဘူး။ (စစ်အာဏာရှင်တပ်ဆီကနေ) ထွက်ပြေးသွားတဲ့ သူကို သူတို့ ပြန်ဖမ်းမိပြီး ပစ်သတ်ခဲ့တာလို့ သိရတယ်” ဟု ၎င်းက ပြောသည်။

သတ်ဖြတ်ခံရသည့် အမျိုးသား၊ ဖမ်းဆီးခေါ်ဆောင်ခံရသည့် လူငယ်အမျိုးသားတို့နှင့် ပတ်သက်၍ အချက်အလက်များ၊ အကြောင်းအရင်းများကိုမူ Dawei Watch အနေဖြင့် သေသေချာချာ မသိရသေးပေ။

အဆိုပါစစ်အာဏာရှင်တပ် စစ်ကြောင်းကို မေလ ၆ရက် ညနေပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“စစ်တပ် ထိခိုက်တဲ့အခြေအနေတော့ အသေးစိတ်မသိရဘူး။ လူနေအိမ် နှစ်ဆောင်၊ သုံးဆောင်လောက်က နည်းနည်း ထိတယ်။ ကြီးကြီးမားမား ထိခိုက်တာမျိုးတော့ မရှိဘူး” ဟု အထက်ပါဒေသခံအမျိုးသားက ပြောဆိုသည်။

စစ်အာဏာရှင်တပ်သည် ဝေဒီကျေးရွာသို့ စစ်ကြောင်းထိုးလာချိန် ဒေသခံအချို့၏ ဖုန်းများကိုလည်း သိမ်းဆည်းသွားခဲ့ပြီး စျေးဆိုင်အချို့ ထံမှလည်း စားရိက္ခာအချို့ကို ဖောက်ထွင်းယူဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်ကြောင်းသည် ယနေ့ မေလ ၇ ရက် နံနက် စောစောပိုင်းတွင် ဝေဒီကျေးရွာမှ လောင်းလုံးမြို့ ဘက်သို့ ပြန်လည်ဆုတ်ခွာကြောင်း ဒေသခံများထံမှ သိရသည်။