ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အီရန်စစ်ပွဲအဆုံးသတ်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးရန် နီးကပ်နေပြီဟုဆို

May 7, 2026

အီရန်စစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်နှင့် အီရန်အကြား စာမျက်နှာတစ်မျက်နှာပါ နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးနိုင်ရန် နီးကပ်နေပြီဖြစ်ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူနှစ်ဦးနှင့် အခြားသတင်းအရင်း အမြစ်နှစ်ခုက ပြောကြားကြောင်း အမေရိကန်အခြေစိုက် Axios သတင်းတွင် ဖော်ပြသည်။

ယင်းသို့ နီးစပ်နေပြီဖြစ်ကြောင်း အီရန်စစ်ပွဲ အဆုံးသတ်‌ရေး ကြိုးပမ်းရာတွင် ပါဝင်နေသည့် ပါကစ္စတန် သတင်းအရင်းအမြစ်တစ်ခုကလည်း ရိုက်တာသတင်းဌာနကို ဗုဒ္ဓဟူးနေ့တွင် အတည်ပြုပြောကြားခဲ့သည်။

“ဒီကိစ္စကို မကြာခင်မှာ အပြီးသတ်နိုင်တော့မှာပါ။ ကျွန်တော်တို့ သဘောတူညီမှုရဖို့ နီးစပ်နေပါပြီ” ဟု အဆိုပါ ပါကစ္စတန်သတင်းအရင်းအမြစ်က ပြောကြားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

ယင်းနားလည်မှုစာချွန်လွှာတွင် အီရန်အဏုမြူကိစ္စရပ်ဆိုင်ရာ အသေးစိတ်ဆွေးနွေးမှုများအတွက် အခြေခံမူဘောင်များ ချမှတ်နိုင်ရေးလည်း ပါဝင်ကြောင်း သိရသည်။

ယင်းနားလည်မှုစာချွန်လွှာပါ အဓိကအချက်များနှင့် ပတ်သက်၍ ၄၈ နာရီအတွင်း အီရန်ဘက်က တုံ့ပြန်လာရန် အမေရိကန်ဘက်က မျှော်လင့်ထားကြောင်း သိရသည်။

လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သဘောတူညီမှု မရရှိသေးသော်လည်း ယခုအခြေအနေသည် အီရန်စစ်ပွဲစတင်ပြီး နောက်ပိုင်း စစ်ပွဲအဆုံးသတ်ရေး နှစ်ဖက်သဘောတူညီချက်ရရှိရန် အနီးစပ်ဆုံးအချိန် ဖြစ်ကြောင်း အထက်ပါ သတင်းအရင်းအမြစ်များက ဆိုသည်။

အီရန်ဘက်က အဏုမြူသန့်စင်မှုလုပ်ငန်းများကို ဆိုင်းငံ့ထားရန်၊ အမေရိကန်ဘက်က စီးပွားရေးပိတ်ဆို့မှုများကို ရုတ်သိမ်းပေးပြီး ထိန်းချုပ်ထားသည့် အီရန်ပိုင်ရန်ပုံငွေ ဘီလီယံနှင့်ချီ၍ ပြန်ထုတ်ပေးရန်၊ ဟော်မုဇ်ရေလက်ကြားအတွင်း ပိတ်ဆို့ကန့်သတ်မှုများကို နှစ်ဘက်စလုံးက ဖယ်ရှားရန်အချက်များလည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ နားလည်မှုစာချွန်လွှာတွင် ပါရှိသည့် သတ်မှတ်ချက်အများစုသည် အမေရိကန်နှင့် အီရန်အကြား အပြီးသတ်သဘောတူညီချက်တစ်ရပ် ရရှိမှသာ အသက်ဝင်မည်ဖြစ်သည်။

အပြီးသတ်ဘောတူညီချက် မရရှိပါက စစ်ပွဲပြန်လည်ဖြစ်ပွားလာနိုင်သလို တိုက်ပွဲများရပ်တန့်သွားသော်လည်း အခြေခံပြဿနာများကို အမှန်တကယ်ဖြေရှင်းနိုင်ခြင်းမရှိဘဲ မရေမရာဖြစ်နေသည့် အခြေအနေမျိုးသို့လည်း ဆိုက်ရောက်သွားနိုင်ကြောင်း Axios သတင်းတွင် ဖော်ပြသည်။

Source: Axios ၊ Reuters