ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ်က လောင်းလုံး၊ ဝေဒီကမ်းနားတွင် ကားတစ်စီးကို မီးရှို့

May 6, 2026

ပုံစာ - ဝေဒီရွာတွင်း တစ်နေရာ/ ဓာတ်ပုံ - Dawei Watch (ပုံဟောင်း)

လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာရှိ ထားဝယ်မြစ်ကမ်းဘေးတွင် ရပ်ထားသည့် ကားတစ်စီးကို စစ်အာဏာရှင်တပ်က ယနေ့မွန်းလွဲပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ယနေ့ နံနက်စောစောပိုင်းမှစ၍ ဝေဒီကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်အာဏာရှင်တပ်က မွန်းလွဲ ၁ နာရီခန့်တွင် မြစ်ကမ်းဘက်သို့ ဆင်းသွားပြီးနောက် လူနေအိမ်များနှင့် မနီးမဝေးတွင် ရပ်ထားသည့် ကားတစ်စီးကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ကားဘေးက အဆောက်အအုံပါ မီးကူးပြီး လောင်၊ မလောင်ဆိုတာတော့ အတိအကျ မသိရသေးဘူး။ လောလောဆယ် ကားကိုတော့ မီးရှို့ထားတယ်။ အိမ်တွေကိုတော့ မီးရှို့တာမျိုး မတွေ့ရသေးဘူး။ ရွာသားတွေရဲ့ ဖုန်းတွေကို သိမ်းထားတာမျိုးတော့ ရှိတယ်” ဟု ၎င်းဒေသခံက ဆိုသည်။

ယင်းအပြင် စစ်အာဏာရှင်တပ်သည် ကမ်းနားဘက်သို့ ဆင်းချိန်တွင် လူငယ်အမျိုးသားတစ်ဦးကို ဖမ်းဆီးကာ ကြိုးဖြင့်တုတ်၍ ခေါ်ဆောင်သွားကြောင်း ဒေသခံအချို့၏ ပြောကြားချက်အရ သိရသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

လောင်းလုံးမြို့သို့ ရောက်ရှိနေသည့် အင်အားတစ်ရာကျော်ပါသော စစ်အာဏာရှင်တပ်သည် ယနေ့ မေလ ၆ ရက် နံနက် ၃ နာရီဝန်းကျင်မှစ၍ သေနတ်များ ပစ်ဖောက်ကာ ဝေဒီကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်သည်။

စစ်ကြောင်းထိုးလာမှုကြောင့် ကျေးရွာသားအများစုမှာ ယနေ့နံနက်ပိုင်းကတည်းက ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

အဆိုပါ စစ်အာဏာရှင်တပ်သည် ယနေ့ညနေပိုင်းအထိ ဝေဒီကျေးရွာရှိ လူနေအိမ်အချို့တွင် တပ်စွဲထားဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။