အီရန်အပေါ် ဆင်နွှဲနေသည့် အမေရိကန်၏ ထိုးစစ်ဆင်မှုများ ပြီးဆုံးသွားပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက မေလ ၅ ရက်နေ့တွင် ပြောကြားလိုက်သည်။
ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောများ တိုက်ခိုက်ခံရပါက အပြင်းထန်ဆုံး တုံ့ပြန်ရန် အသင့်ရှိနေကြောင်း အမေရိကန်ဘက်က သတိပေးချိန် ၎င်းက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“Operation Epic Fury စစ်ဆင်ရေးဟာ ပြီးဆုံးသွားပါပြီ။ ဒီစစ်ဆင်ရေးရဲ့ ရည်မှန်းချက်တွေကို ကျွန်တော်တို့ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ နောက်ထပ်အလားတူ ပဋိပက္ခအခြေအနေတစ်ခု ထပ်ဖြစ် လာဖို့ကိုတော့ ကျွန်တော်တို့ဘက်က လိုလားနေတာမျိုး မရှိပါဘူး” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက ဆိုသည်။
အမေရိကန်အနေဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်ကိုသာ ပိုမိုလိုလားသည်ဟုလည်း ၎င်းက ပြောဆိုသည်။
“သမ္မတကြီး တကယ်အလိုရှိတာကတော့ သဘောတူညီချက်တစ်ရပ် ရရှိဖို့ပဲဖြစ်ပါတယ်” ဟု ရူဘီယိုက ဖြည့်စွက်ပြောသည်။
အမေရိကန်တပ်ဖွဲ့ဝင်များအနေဖြင့် အမိန့်ရပါက တိုက်ပွဲများကို ပြန်လည်စတင်ရန် အသင့်ရှိနေကြောင်း အမေရိကန် ထိပ်တန်းစစ်ဘက်အရာရှိတစ်ဦး၏ ပြောကြားချက်ထွက်ပေါ်လာပြီးနောက် ၎င်းက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
တနင်္လာနေ့က ဟော်မုဇ်ရေလက်ကြားအတွင်း အမေရိကန်နှင့် အီရန်အကြား ထိတွေ့တိုက်ပွဲများကြောင့် နှစ်ဖက် အပစ်ရပ် သဘောတူညီချက် ပျက်ပြယ်လုနီးပါးဖြစ်လာချိန် အမေရိကန်ထိပ်တန်းစစ်ဘက်အရာရှိတစ်ဦးက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
Source: CNA
ဓာတ်ပုံ – US declares Iran offensive over, warns force remains an option – CNA







