ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို စစ်အာဏာရှင်တပ်သားများပြန်လည်ထိန်းချုပ်ပြီးနောက် မြို့ခံများကို မြို့ပြင်ပသို့ သွားရောက်ခွင့် ပိတ်ပင်ထားကြောင်း မြို့ခံများက ပြောသည်။
စစ်အာဏာရှင်တပ်သည် မေလ ၁၉ ရက်တွင် မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ဘုန်းကြီးကျောင်းနှင့် အိမ်များတွင် ကျန်ခဲ့သည့် ဒေသခံများကို မြို့အတွင်းတွင်သာ အချိန်အကန့်အသတ်ဖြင့် သွားလာခွင့်ပြုကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
မြို့အတွင်းတွင် နံနက် ၆နာရီမှ ညနေ၆နာရီအတွင်းသာ ပြည်သူများကို သွားလာခွင့်ပေးပြီး ညဘက်တွင် အပြင် ထွက်ခွင့်မပြုကြောင်း ၎င်းက ပြောဆိုသည်။
“ညဘက်တော့ ပေးမထွက်ဘူး။ တွေ့ရင် ပစ်သတ်မယ်လို့ ပြောထားတယ်။ တခြားရွာက ဒေသခံတွေလည်း အိမ်ပေးမပြန်သေးဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။
မောတောင်မြို့တွင် စစ်ဘေးရှောင်နေသည့် ဒေသခံများနှင့် မြို့ခံများအနက် အချို့ကို တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ခံသည်ဟုဆိုကာ စစ်အာဏာရှင်တပ်သားများက ဖမ်းဆီးထားကြောင်း ဒေသခံများက ဆိုသည်။
ဖမ်းဆီးခံရသူ အယောက် ၂၀ ဝန်းကျင်ခန့်ရှိပြီး ပြန်လွန်လာသူများ မရှိသေးကြောင်း ဒေသခံ အခြားတစ်ဦးက ပြောဆိုသည်။
“ဘုန်းကြီးကျောင်းကနေ လာခေါ်ထုတ်သွားတယ်။ နောက်ရက်တွေလည်း လိုက်ခေါ်နေတယ်။ သူတို့လာခေါ်သွားတဲ့သူတွေကို ပြန်လည်း မတွေ့သလို၊ ပြန်လည်း မပေါ်လာတော့ဘူး” ၎င်းက ပြောသည်။
မောတောင်မြို့တွင် စစ်အစိုးရ အုပ်ချုပ်ရေးယန္တရား ပြန်လည် လည်ပတ်ရန် ရဲအပါအဝင် ဝန်ထမ်း ၄၀ ကျော် မြိတ်မြို့မှ ရောက်ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။
မောတောင်မြို့ဘုန်းကြီးကျောင်းနှင့် နေအိမ်များတွင် စစ်ရှောင်ဦးရေ ၁၀၀ကျော်ရှိပြီး နေအိမ်ကို ပြန်ခွင့် မရသေးကြောင်း ဒေသခံများက ပြော ဆိုသည်။







