မြိတ်မြို့နယ် ဒေါရွာလမ်းပိုင်းတွင် ထွေလာဂျီတစ်စီး ဇွန်လ ၄ ရက် ညနေပိုင်းက တိမ်းမှောက်ကြောင်း ထိခိုက်သူများအား ကူညီဆောင်ရွက်ပေးခဲ့သူများထံမှ သိရသည်။
ထွေလာဂျီသည် တာယာပေါက်၍ လမ်းဘေးထိုးကျကာ တိမ်းမှောက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
တိမ်းမှောက်သည့် ထွေလာဂျီမှာ ဒေါကျေးရွာအုပ်စု ၊ အလယ်ချောင်းရွာက ထွေလာဂျီ ဖြစ်ပြီး ကွမ်းသီးပျိုးပင်များတင်ဆောင်ပြီး မောင်းနှင်လာစဥ် တိမ်းမှောက်ခြင်းဖြစ်သည်။
ထွေလာဂျီပေါ်တွင် ယာဥ်မောင်းအပါအဝင် ကိုးဦးလိုက်ပါလာပြီး တိမ်းမှောက်မှုကြောင့် ယာဥ်မောင်းနှင့် အခြားအမျိုးသားတစ်ဦးသေဆုံးကာ ခုနစ်ဦး ဒဏ်ရာရကြောင်း ထိခိုက်သူများအား ကူညီဆောင်ရွက်ပေးခဲ့သူများက ဆိုသည်။
“သေတာက နှစ်ယောက်၊ ကျန်တဲ့ခုနစ်ယောက်က ခြေကျိုး၊ လက်ကျိုးတာရှိတယ် ။ အခြားဒဏ်ရာရသူရှိတယ်။ အသက်အန္တရာယ်စိုးရိမ်ရသူတော့မရှိတော့ဘူး” ဟု ကူညီဆောင်ရွက်ပေးခဲ့သူတစ်ဦးက ပြောဆိုသည်။
သေဆုံးသူနှင့် ဒဏ်ရာရသူများကို မြိတ်မြို့အခြေစိုက် သစ္စာမေတ္တာလူမှုကူညီရေးအသင်းက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါ အသင်းထံမှ သိရသည်။
ဒေါကျေးရွာအုပ်စုသည် မြိတ် – ထားဝယ် ပြည်ထောင်စုကားလမ်းမဟောင်း (ရှောင်ကွင်းလမ်း) ပေါ်တွင် တည်ရှိသော ကျေးရွာအုပ်ဖြစ်သည်။
ဓာတ်ပုံ – သစ္စာမေတ္တာ လူမှုကူညီရေးအသင်း ။







