ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကလေးငယ်များပါဝင်သည့် မောတောင်စစ်ရှောင် ၂၅၀ ခန့် အဝတ်အထည် အကူအညီလို

June 5, 2026

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို စစ်အာဏာရှင်တပ်သားများ စစ်ကြောင်းထိုးလာသဖြင့် အမှတ် (၁) ရွာ၊ အမှတ် (၃) ရွာနှင့် မောတောင်မြို့မှ ဒေသခံ ၂၅၀ ခန့်မှာ စစ်ဘေးရှောင်နေရပြီး အဝတ်အထည်နှင့် ကလေးသေးခံများ လိုအပ်နေကြောင်း သိရသည်။

မေလ ၁၅ ရက်နေ့တွင် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် အမှတ် (၆) ရွာ အနီးဝန်းကျင်သို့ ရောက်ရှိလာသဖြင့် အဆိုပါဒေသခံ ၂၅၀ ဝန်းကျင်သည် အမှတ် (၁) ရွာ ဝန်းကျင် ဥယျာဉ်ခြံများတွင် စစ်ဘေးရှောင်နေရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

စစ်ဘေးရှောင်နေရသည်မှာ နှစ်ပတ်ကျော် ကြာမြင့်လာသည့်အပြင် နေ့တိုင်းနီးပါး မိုးရွာသွန်းနေသောကြောင့် ယူဆောင်လာသည့် အဝတ်များမလောက်တော့ဘဲ အဝတ်အထည်များ လိုအပ်နေကြောင်း ၎င်းက ဆိုသည်။

“မိုးက ရက်တိုင်း ရွာနေတယ်။ အဝတ်တွေက နေပူလှန်းလို့လည်း မရဘူး။ ခုက တောထဲဖြစ်နေတော့ ချမ်းလည်း ချမ်းတယ်။ အနွေးထည်တွေလည်း မပါလာကြဘူး။ စားဖို့ပဲ အဓိက သယ်လာကြတော့ အဝတ်တွေက လုံလုံလောက်လောက် မရှိဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။

စစ်ဘေးရှောင် ဦးရေ ၂၅၀ ခန့်တွင် အသက် ၅ နှစ်အောက် ကလေး ၂၀ ကျော် ရှိသဖြင့် ကလေးသေးခံပတ်များ လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူတစ်ဦးက ဆိုသည်။

“ကလေးတွေက များတယ်။ အဝတ်တွေကလည်း တအား မပါလာကြဘူး။ သေးခံပတ်လိုမျိုးတွေ လိုအပ်နေတယ်။ လသားအရွယ်တွေလည်း သုံးလေးယောက် ရှိတယ်။ နေမပူတော့ အဝတ်တွေက မသွေ့ (မခြောက်) ဘူး” ဟု အထက်ပါ စစ်ဘေးရှောင် ကူညီသူက ပြောသည်။

လက်ရှိ မောတောင်မြို့နှင့် အနီးဝန်းကျင်တွင် တိမ်းရှောင်နေသည့် စစ်ဘေးရှောင်များကို ကောက်ယူရရှိသည့် စာရင်းအရ လူဦးရေ နှစ်ထောင်ကျော် ရှိကြောင်းနှင့် မကောက်ရသေးသည့် စစ်ဘေးရှောင် အုပ်စုများလည်း ကျန်နေသေးကြောင်း စစ်ဘေးရှောင် ကူညီပေးနေသည့် အဖွဲ့များက ဆိုသည်။