ဂါဇာကမ်းမြှောင်ဒေသတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်သွားမည့် အစီအစဉ်တစ်ခုကို အစ္စရေးအစိုးရအဖွဲ့က အတည်ပြုလိုက်ကြောင်း အမည်မဖော်လိုသည့် အစ္စရေးအရာရှိနှစ်ဦးက ပြောကြားလိုက်သည်။
ဂါဇာတွင် ထိုးစစ်ဆင်ရန် အစ္စရေးအရန်တပ်သား ထောင်နှင့်ချီကို စစ်မှုထမ်းရန် ဆင့်ခေါ်လိုက်ပြီးနောက် နာရီပိုင်းအကြာတွင် အစ္စရေး၏ အဆိုပါဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ယင်းအစီအစဉ်ကို အကောင်အထည်ဖော်ဖြစ်လျှင် ပါလက်စတိုင်းနယ်မြေအတွင်း အစ္စရေး၏ စစ်ဆင်ရေးများ ပိုမိုကြီးမားကျယ်ပြန့်လာနိုင်ဖွယ်ရှိပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချမှုနှင့် ရင်ဆိုင်လာရဖွယ်ရှိသည်။
အထက်ပါ အစီအစဉ်သစ်ကို ဖြည်းဖြည်းချင်း အကောင်အထည်သွားမည် ဖြစ်သည်ဟု အစ္စရေးအရာရှိတစ်ဦးက ဆိုသည်။ အစ္စရေးအရာရှိနှစ်ဦးစလုံးက အမည်မဖော်ဘဲ ပြောကြားခဲ့ကြသည်။
ဟားမတ်စ်အဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးချက်များတွင် ပိုမိုအလျှော့ပေးညှိနှိုင်းလာစေရေး ဖိအားတိုးမြှင့်ပေးရန် ရက်သတ္တပတ်များစွာကြာသည်အထိ အစ္စရေးဘက်က ကြိုးစားလျက် ရှိသည်။
နိုင်ငံတကာကြားဝင်ညှိနှိုင်းပေးသူများသည်လည်း အစ္စရေးနှင့် ဟားမတ်စ်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သစ်တစ်ခု ရရှိရန် ရုန်းကန်လျက်ရှိသည်။
သို့သော်လည်းအစ္စရေး၏ အစီအစဉ်များမှာ ဟားမတ်စ်အဖွဲ့အား ၎င်း၏ ဆွေးနွေးရေးရပ်တည်ချက် အထိုင်များမှ ဝေးကွာသွားစေရန် ၊ ပြောင်းလဲသွားစေရန် လုပ်ဆောင်နိုင်ပုံ မပေါ်ချေ။
အဆိုပါ အစီအစဉ်သစ်သည် အစ္စရေး၏ စစ်ရေးပန်းတိုင်များဖြစ်သည့် ဟားမတ်စ်အဖွဲ့ကို ချေမှုန်းရေးနှင့် ဂါဇာတွင် ထိန်းသိမ်းခံထားရဆဲ အစ္စရေးဓားစာခံများ ပြန်လွတ်လာရေးတို့ကို အထောက်အကူပြုရန် ရည်ရွယ်သည်ဟု အစ္စရေးအရာရှိများက ဆိုသည်။
ယင်းအစီအစဉ်သစ်ကြောင့် ပါလက်စတိုင်းထောင်ပေါင်းများစွာ ဂါဇာတောင်ပိုင်းသို့ အတင်းအဓမ္မ နေရပ်စွန့်ခွာရွှေပြောင်းခံရမှု ဖြစ်ပေါ်လာနိုင်ဖွယ် ရှိပြီး မူလကတည်းကဆိုးရွားပြီးသား လူသားချင်းစာနာမှု အကျပ်အတည်းမှာ ပိုမိုဆိုးရွားလာနိုင်ဖွယ် ရှိသည်။
ယခုနှစ် မတ်လအလယ်က အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့အကြား အပစ်ရပ်သဘောတူညီချက် ကျိုးပေါက်သွားခဲ့ပြီးနောက် အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို ပြင်းထန်သည့် ထိုးစစ်ပြန်လည်စတင်ခဲ့ပြီးနောက် ပါလက်စတိုင်းရာပေါင်းများစွာ သေကြေပျက်စီးခဲ့ရပြီး ဖြစ်သည်။ အဆိုပါ အပစ်ရပ်သဘောတူညီချက် မကျိုးပေါက်ခင် ဂါဇာသို့ လူသားချင်းစာနာမှုအကူအညီများကို အစ္စရေးဘက်က ပိတ်ဆို့ထားလိုက်သည်။
ဂါဇာတွင် ဟားမတ်စ်အဖွဲ့က လူသားချင်းစာနာမှုအကူအညီများ ဖြန့်ဖြူးပေးနေမှုကို အစ္စရေး၏ အဆိုပါ အစီအစဉ်သစ်က ဟန့်တားသွားမည်ဖြစ်ကြောင်း အစ္စရေးအရာရှိနှစ်ဦးက ပြောသည်။ ဂါဇာရှိ ဟားမတ်စ်ပစ်မှတ်များကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားရန်လည်း ပါဝင်ကြောင်း ယင်းအရာရှိနှစ်ဦးက ဆိုသည်။
ဟားမတ်စ်အဖွဲ့သည် ဂါဇာတွင် လူသားချင်းစာနာမှုအကူအညီများ ဖြန့်ဝေပေးခြင်းအားဖြင့် ၎င်းတို့၏ အုပ်ချုပ်မှုကို ခိုင်မာအောင် လုပ်ဆောင်လျက် ရှိသည်ဟု အစ္စရေးဘက်က စွပ်စွဲထားသည်။
ဟားမတ်စ်က ၎င်းတို့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် လူသားချင်းစာနာမှုအကူအညီများကို ၎င်းတို့အဖွဲ့ကိုယ်တိုင်အတွက် ထိန်းသိမ်းထားသည်ဟုလည်း အစ္စရေးဘက်က စွပ်စွဲထားသည်။
ဂါဇာကို သိမ်းပိုက်ပြီး ပါလက်စတိုင်းများကို ပြောင်းရွှေ့နေရာချရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစီအစဉ်နှင့် ပတ်သက်၍လည်း အစ္စရေးက နိုင်ငံအချို့နှင့် ထိတွေ့ဆွေးနွေးနေသည်ဟုလည်း အဆိုပါ အစ္စရေးအရာရှိနှစ်ဦးက ပြောကြားခဲ့သည်။
ထရမ့်၏ အဆိုပါ အစီအစဉ်ကို ဥရောပရှိ အစ္စရေး၏ မိတ်ဆွေနိုင်ငံများနှင့် အာရပ်နိုင်ငံများက ဆန့်ကျင်ရှုတ်ချလျက် ရှိသည်။
လက်ရှိအချိန် အထိ ဂါဇာကမ်းမြောင်ဒေသ၏ ၅၀ ရာခိုင်နှုန်းခန့်ကို အစ္စရေးက သိမ်းပိုက်ထားဆဲ ဖြစ်သည်။
Source: South China Morning Post







