ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်ဝမ်သမ္မတနှင့် တိုက်ရိုက်စကားပြောမည်ဟု ထရမ့် ပြော

May 21, 2026

ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်နှင့် တိုက်ရိုက်စကားပြောဆိုသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၂၀ ရက်နေ့တွင် ပြောကြားလိုက်သည်။

ယင်းလုပ်ရပ်မှာ အမေရိကန်သမ္မတတစ်ဦးအနေဖြင့် ယခင်က လုပ်ဆောင်ဖူးခြင်းမရှိသည့်အပြင် အမေရိကန်-တရုတ် ဆက်ဆံရေးကို ရိုက်ခတ်စေနိုင်သည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်း The Guardian သတင်းစာက ဖော်ပြသည်။

ထိုင်ဝမ်သမ္မတနှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာတွင် သမ္မတထရမ့်က “ကျွန်တော် သူ့ကို စကားပြောသွားမှာပါ” ဟု ပြောကြားခဲ့သည်။ “ကျွန်တော် လူတိုင်းကို စကားပြောပါတယ်။ ထိုင်ဝမ်ပြဿနာကိုလည်း ကျွန်တော်တို့ ကိုင်တွယ်ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

သမ္မတ လိုင်ချင်းတယ်အနေဖြင့် အမေရိကန်ခေါင်းဆောင်နှင့် စကားပြောဆိုခွင့်ရရှိပါက ဝမ်းမြောက်မိမည်ဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ခဲ့သည်။

၁၉၇၉ ခုနှစ်တွင် အမေရိကန်အစိုးရက ထိုင်ဝမ်အစား ဘေဂျင်း (တရုတ်အစိုးရ) ကိုသာ တရားဝင်သံတမန်ရေးအရ ပြောင်းလဲအသိအမှတ်ပြုခဲ့သည်။ ယင်းနောက်ပိုင်းတွင် အမေရိကန်နှင့် ထိုင်ဝမ်သမ္မတများအကြား တိုက်ရိုက်စကားပြောဆိုခြင်း မရှိခဲ့ပေ။

သို့ရာတွင် ၂၀၁၆ ခုနှစ်နှောင်းပိုင်းတွင် သမ္မတအဖြစ် ရွေးကောက်ခံထားရသူအဆင့် ရှိနေစဉ် ထရမ့်သည် ထိုစဉ်က ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်နှင့် စကားပြောဆိုခဲ့ပြီး ဆယ်စုနှစ်ချီ သံတမန်ရေးရာ အစဉ်အလာတစ်ခုကို ချိုးဖောက်ခဲ့ဖူးသည်။

ထိုစဉ်က ထရမ့်၏ အဆိုပါလုပ်ရပ်ကြောင့် တရုတ်အစိုးရက အမေရိကန်အစိုးရထံ ကန့်ကွက်လွှာ ပို့ခဲ့သည်။ ထရမ့်၏ အာဏာလွှဲပြောင်းရေးအဖွဲ့ကမူ အဆိုပါ ဆွေးနွေးပြောဆိုမှုမှာ ကြီးကြီးမားမား အရေးပါမှုမရှိကြောင်း လျှော့ချပြောဆိုခဲ့သည်။

တရုတ်အစိုးရက ထိုင်ဝမ်ကို ၎င်း၏ ပိုင်နက်နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်ပါက စစ်အင်အားသုံး၍ ထိုင်ဝမ်ကို ပြန်လည်ပေါင်းစည်းသွားမည်ဟု ကြုံးဝါးထားသည်။ ယင်းအပြင် တရုတ်ကို စစ်ရေးအရ ဟန့်တားနိုင်ရန် အမေရိကန်က ထိုင်ဝမ်အား ကာလရှည်ကြာ စစ်ရေးအရ ကူညီပံ့ပိုးပေးနေမှုအပေါ်လည်း တရုတ်ဘက်က မကျေမနပ် ဖြစ်လျက်ရှိသည်။

Source: The Guardian ၊ Reuters